မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူ့အခွင့်အရေး ပညာပေးသူများ ကွန်ရက်တို့မှ ပူးပေါင်းကျင်းပသည့် ရပ်ရွာလူထု အတွင်းလူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေး အသိပညာပေးသူများ ကွန်ရက်တို့မှ အဖွဲ့ဝင်များသည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကိုမှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းရှိ ရှမ်းကန်ကျေးရွာ၊ သပြုကျေးရွာ၊ အုန်းနှဲကျေးရွာနှင့် အလယ်ရွာကျေးရွာများသို့  သွားရောက်၍ လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရှမ်းကန်ကျေးရွာ၊ သီရိမင်္ဂလာ ကျောင်းတိုက်တွင် လူ့အခွင့်အရေး ဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရှမ်းကန်ကျေးရွာမှ ရွာသူ ရွာသားများနှင့် နီးစပ်ရာကျေးရွာများမှ ရွာသူရွာသားများ တက်ရောက်ခဲ့ကြရာ စုစုပေါင်း (၁၄၆) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

အလားတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာ၊ သပြုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ သပြုကျေးရွာမှ ရွာသူရွာသားများ  စုစုပေါင်း (၉၈) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။ ယင်းနောက် သပြုကျေးရွာမှ ကားဖြင့် အုန်းနှဲကျေးရွာသို့ သွားရောက်ခဲ့ပြီး နေ့လယ် (၁၅:၀၀) နာရီ အချိန်တွင် အုန်းနှဲကျေးရွာ  မြတ်ပါရမီ ဆေးခန်းတွင် လူ့အခွင့်အရေး ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အုန်းနှဲကျေးရွာမှ ရွာသူရွာသားများနှင့် နီးစပ်ရာ ကျေးရွာများမှ ရွာသူရွာသားများ တက်ရောက်ခဲ့ကြရာ စုစုပေါင်း (၇၆) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

 ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ စုပေါင်းဓမ္မာရုံတွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့  အလယ်ရွာကျေးရွာမှ ရွာသူရွာသားများနှင့် နီးစပ်ရာ ကျေးရွာများမှ ရွာသူရွာသားများ တက်ရောက်ခဲ့ကြရာ စုစုပေါင်း (၁၀၃) ဦး စိတ်ပါ ဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆနှင့် အခြေခံအချက်များကိုလည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေးကွန်ရက် အဖွဲ့ဝင် ဒေါ်သန်းသန်းဌေးမှ ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းသမိုင်းကြောင်းကိုလည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေးကွန်ရက် အဖွဲ့ဝင် ဦးနောင်နောင်မှလည်း ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းပါ အပိုဒ်ပေါင်း (၃၀) အနက်မှ ရွာသူရွာသားများမှ ရွေးချယ်ပေးသော အပိုဒ်အချို့ကို ရှင်းလင်းပြောကြားပြီး  မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များအကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို ဒေါ်ခိုင်မို့မို့နှင့် ဒေါ်သက်သက်ဝေတို့မှလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

 ထို့နောက် ရွာသူရွာသားများမှ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် ပတ်သက်၍လည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် ပတ်သက်၍လည်းကောင်း မေးခွန်းများ မေးမြန်းကြရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ရွာသူရွာသားများက ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ် ပေးသောကြောင့် အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ယခင်ကထက် ပိုမိုသိရှိ လာကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ပေးသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြပါသည်။

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို   မှန်ကန်စွာသိရှိနားလည်ပြီး လေးစားလိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိ ကောင်းစရာ ဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Recent News