မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကျိုက်မရောဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်  ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။         ကျိုက်မရောဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ အခြေခံ အရေး၊ အဖတ်သင်တန်း ပို့ချသည့်နေရာ၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်များ၊ သုံးရေအတွက် မြစ်ရေမှ ရေစုကန်၊ ၎င်းမှတစ်ဆင့် ရေစစ်ကန်သို့ ရေဖြန့်ဝေပေးသည့်နေရာ၊ သုံးရေ/ ချိုးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများစသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       ကျိုက်မရောဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/သူ၊ အချုပ်သား/သူ စုစုပေါင်း (၃၁) ဦးကို တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မေးမြန်း မှတ်တမ်းတင်ခဲ့ပါသည်။ ယင်းအပြင် ထောင်ဝင်စာ လာရောက်တွေ့ဆုံသော မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၎င်းတို့တွင် အခက်အခဲ ရှိ မရှိ မေးမြန်း၍ ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

      ကျိုက်မရောဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/သူ၊ အချုပ်သား/ သူ တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ကျွေးမွေးမှုအခြေအနေ၊ အကျဉ်းထောင် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသည့် အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအခြေအနေ၊ အကျဉ်းသား၏ ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှု အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပေးမှု အခြေအနေ၊ ယုံကြည်ရာ ကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြု ကိုးကွယ်ခွင့်အခြေအနေ၊ စာမတတ်သူ အကျဉ်းသား/အကျဉ်းသူများကို အခြေခံ အရေး၊ အဖတ် သင်ကြားပေးနေမှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှု အခြေအနေ၊ အကျဉ်းသား/သူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသား အချင်း ချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး အကျဉ်း သားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။

၅။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်