မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကျောက်တန်းမြို့နယ်ရှိ မြို့မရဲစခန်းအချုပ်ခန်း၊ မြို့နယ်တရားရုံးအချုပ်ခန်းနှင့် ကျောက်တန်းဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့်
ဦးတင်ကိုကိုတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ
၄-၉-၂၀၂၅
ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ မြို့မရဲစခန်းအချုပ်ခန်း၊ မြို့နယ်တရားရုံးအချုပ်ခန်းနှင့် ကျောက်တန်းဘိုးဘွားရိပ်သာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျောက်တန်းမြို့၊
မြို့မရဲစခန်းအချုပ်ခန်းနှင့် မြို့နယ်တရားရုံးအချုပ်ခန်းအား
ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင်
နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေ၊
မိသားစုနှင့်တွေ့ဆုံနိုင်မှု အခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း
စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှုနှင့်
မိလ္လာသုံးစွဲမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့်
တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့အား အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး
အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျောက်တန်းဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး
ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊
အစားအစာနှင့်အာဟာရ ဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊
သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊
သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန်
စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေ၊ စိတ်အပန်းဖြေမှုရရှိအောင် စီစဉ်ဆောင်ရွက်ပေးနေမှု
အခြေအနေ၊ ဘိုးဘွားများအား အခါအားလျော်စွာ
နှစ်သိမ့်ဆွေးနွေးမှုများအားပြုလုပ်ပေးခြင်း ရှိ မရှိ အခြေအနေ၊ ပင်စင်ရ အဘိုး၊
အဘွားများအနေဖြင့် ပင်စင်လစာထုတ်ယူမှုအဆင်ပြေခြင်း ရှိ မရှိ အခြေအနေနှင့် အသက် (၈၅) နှစ်ပြည့်ပြီးသော သက်ကြီးအဘိုး၊ အဘွားများအား
လူမှုရေးပင်စင်ထောက်ပံ့ကြေးရရှိရေး
ဆောင်ရွက်ပေးမှုအခြေအနေတို့ကို
ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုး၊ အဘွား
စုစုပေါင်း ( ၂၂ ) ဦးအား
နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏
ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်





