မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ငလျင်ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခဲ့မှု အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်ခြင်း

  • News

    ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင် ဘေးသင့် ပြည်သူများအား အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍အတွေ့အကြုံရှင်းလင်းခြင်းကို  ၈ - ၄ -၂၀၂၅ ရက်နေ့၊ ၁၀း၃၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ပြုလုပ်ခဲ့ပါသည်။

    ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် အလွန်ပြင်းထန်ပြီး ပျက်စီးဆုံးရှုံး ရမှုများအတွက် စိတ်ထိခိုက်ရပါကြောင်း၊ ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်၍ ကူညီထောက်ပံ့ရေးပြုလုပ်ရန် အဖွဲ့ဖွဲ့စည်းပြီး တာဝန်ပေးစေလွှတ်ခဲ့ပါကြောင်း၊ ပါဝင်လှူဒါန်း ခဲ့ကြသည့် ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြသူများနှင့် ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ့ပေးခဲ့ကြသူများအား အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း ပြောကြားပါသည်။

    အတွေ့အကြုံရှင်းလင်းရာတွင် ကော်မရှင်အဖွဲ့ဝင် ဦးတင်ကိုကိုမှ ၃-၄-၂၀၂၅ ရက်နေ့မှ ၅-၄-၂၀၂၅ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေနေပြည်တော်သို့ သွားရောက်၍ ပျဉ်းမနားမြို့ရှိ ပေါင်းလောင်းယာယီဆေးရုံနှင့် တပေါင်းကွင်းယာယီစခန်းရှိ ငလျင်ဘေးသင့်ပြည်သူများ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများနှင့် နေပြည်တော်ကော်မရှင်ရုံးခွဲရှိ ဝန်ထမ်းမိသားစုများအား သောက်ရေသန့်၊ ဆေးဝါး၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို (၁၁း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Recent News