မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တက္ကသိုလ် (၂၁) ခု၏ ဥပဒေဌာနများသို့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ စာအုပ်၊ စာတမ်းများ လှူဒါန်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေပုဒ်မ
၂၂ (က) အရ ကော်မရှင်သည် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် ပြည်သူလူထုအား
လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ပေးခြင်းများဖြင့် လူ့အခွင့်အရေးဆိုင်ရာ
အသိပညာဗဟုသုတများ မြင့်မားလာစေရန် ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်
နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များ၌ ဥပဒေပညာ လေ့လာဆည်းပူးနေကြသော ကျောင်းသား/သူများ လူ့အခွင့်အရေး အသိ ပညာတိုးပွားလာစေ ရေးအတွက် လူ့အခွင့်အရေးနှင့်
ဥပဒေဆိုင်ရာ စာအုပ်၊ စာတမ်းများကို ရက် ၁၀၀ စီမံချက် လုပ်ငန်းတစ်ရပ်အဖြစ် ၂၀၂၆
ခုနှစ်၊ ဇွန်လမှ ဇူလိုင်လ ဒုတိယပတ်အထိ ကာလအတွင်း ၃ ကြိမ်ခွဲ၍ ပေးပို့လှူဒါန်းနိုင်ရေး
လျာထားခဲ့ရာ ဇွန်လတွင် ပထမအကြိမ်အဖြစ် တက္ကသိုလ် (၁၂)
ခုတို့သို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ ဇူလိုင်လ ပထမပတ်တွင်
ဒုတိယအကြိမ်အဖြစ် တက္ကသိုလ် (၁၀) ခုသို့လည်း ကောင်း၊ ဇူလိုင်လ ဒုတိယပတ်တွင် တတိယအကြိမ်အဖြစ် တက္ကသိုလ် (၁၁) ခုသို့လည်းကောင်း ပေးပို့ လှူဒါန်းခဲ့ပါသည်။
၇-၇-၂၀၂၆ ရက်နေ့၌ ဒုတိယအကြိမ်အဖြစ် ပေးပို့လှူဒါန်းခဲ့သည့် တက္ကသိုလ် (၁၀) ခုမှာ ပဲခူး တက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်၊
မကွေးတက္ကသိုလ်၊
မုံရွာတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်တို့ဖြစ်ပြီး ၁၄-၇-၂၀၂၆ ရက်နေ့တွင် တတိယအကြိမ်အဖြစ် ဟားခါးတက္ကသိုလ်၊
မအူပင်တက္ကသိုလ်၊ မော်လမြိုင် တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ State Academy (နေပြည်တော်)၊ တောင်ကြီး တက္ကသိုလ်၊
ဒဂုံတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ
စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးတက္ကသိုလ်
(စစ်ကိုင်း) စသည့် တက္ကသိုလ် (၁၁) ခု တို့သို့
ပေးပို့လှူ ဒါန်းခဲ့ပါသည်။ ယင်းသို့
စာအုပ်၊ စာတမ်းများလှူဒါန်းရာတွင် ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်ကိုကို၊
ဒေါက်တာနုနုရီနှင့် ဒေါက်တာတင်ဌေးအိတို့က
ဒဂုံတက္ကသိုလ်နှင့်ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်
(ရန်ကုန်) တို့ရှိ ဥပဒေဌာနများသို့
ကိုယ်တိုင်သွား ရောက်လှူဒါန်းခဲ့ကြပါသည်။
ကော်မရှင်မှ လှူဒါန်းခဲ့သည့် စာအုပ်၊ စာတမ်းများတွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (မြန်မာ +
တိုင်းရင်းသား) နှင့် ကြေညာစာတမ်း (ပိုစတာ)၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ဥပဒေ (မြန်မာ၊ အင်္ဂလိပ်)နှင့် ကော်မရှင် (လက်ကမ်းစာစောင်)၊ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ
သဘောတူစာချုပ်၊
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်)၊ မသန်စွမ်း သူများ၏
အခွင့်အရေးဥပဒေ (၂၀၁၅ ခုနှစ်)၊ မသန်စွမ်းသူများ
အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ပြည်သူ့ရေးရာနှင့်
နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီး များအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ ညှဉ်းပန်းနှိပ်စက် ခြင်းနှင့်
အခြားရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော
သို့မဟုတ် လူ့ဂုဏ်သိက္ခာညှိုးနွမ်းသော ပြုမူဆက်ဆံခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းကို
ဆန့်ကျင်ရေး သဘောတူစာချုပ် စသည့်
စာအုပ်၊ စာတမ်း ၁၁ မျိုး ပါဝင်ပြီး တစ်မျိုးလျှင်
၃ စုံစီ ပေးပို့လှူဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်