မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ နှင်းဆီကုန်းဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေးခြင်း

  • News

         မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (င)၊ ၄၃ ပြဋ္ဌာန်းချက်များနှင့်အညီ  ၂၀-၈-၂၀၂၅ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် စောင့်ရှောက်ထားသော ဘိုးဘွားများအား အခြေခံ လူ့အခွင့်အရေးဖြစ်သော လွတ်လပ်မှု၊ မျှတမှု ရှိ မရှိနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လူသားချင်း စာနာထောက်ထားမှုကို အခြေခံ၍ စောင့်ရှောက်ထားခြင်း ရှိ မရှိ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ ဆေးရုံဆောင်၌ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသော အဘိုးအဘွားများနှင့် ဓမ္မာရုံတွင် ဝတ်ပြုကိုးကွယ်နေသူ အဘိုးအဘွားများအား သွားရောက်တွေ့ဆုံပြီး ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေ၊ အစားအစာနှင့် အာဟာရဖြည့်ဆည်း ကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွား အိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေ၊ ပင်စင်ရ အဘိုး၊ အဘွားများအနေဖြင့် ပင်စင်လစာ ထုတ်ယူမှု အဆင်ပြေခြင်း ရှိ/ မရှိ အခြေ အနေနှင့် အသက် (၈၅) နှစ် ပြည့်ပြီးသော သက်ကြီး အဘိုး၊ အဘွားများအား လူမှုရေးပင်စင်‌ ထောက်ပံ့ကြေးရရှိရေး ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့ပြင် ရိပ်သာတွင် ပြုစုစောင့်‌ရှောက်ထားသည့် ဘိုးဘွားများ၏ ကာယသုခ၊ စိတ္တသုခ ပြည့်ဝစေပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးရရှိရေး စီစဉ်ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုမေးမြန်းခဲ့ပါသည်။

      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွား စုစုပေါင်း (၁၂၇) ဦးအား နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားခဲ့ပါသည်။

      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News