မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပုသိမ်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။         မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်ဦးတင်အောင်နှင့် ညွှန်ကြားရေးမှူး ချုပ် ဦးဘုန်းကြွယ်တို့ပါဝင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၅-၁၂-၂၀၂၁ ရက်နေ့နှင့် ၁၆-၁၂-၂၀၂၁ ရက်နေ့များတွင် ပုသိမ်အကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား တစ်ဦး၏အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊  အကျဉ်းထောင် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လာရောက် ပို့ဆောင် ပေးသော ထောင်ဝင်စာပစ္စည်းများ  စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် အကျဉ်းထောင်နှင့် အချုပ်ခန်းများအတွင်း ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသည့် အကျဉ်း သား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများနှင့်တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်း တင်ခဲ့ပါသည်။

၃။      ပုသိမ်အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ်အကျဉ်းသား/အကျဉ်းသူ၊ အချုပ် သား/ အချုပ်သူများ၏ အိပ်ဆောင်များသန့်ရှင်းမှု၊  အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ ၊ တိုက်ခန်း များ၊ ဆေးရုံဆောင်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေ၊ သုံးရေကန်များနှင့် စာကြည့်တိုက် တို့ကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ထား ရှိမှုနှင့် Quarantine ထားရှိသည့် အဆောင် အခြေအနေတို့ကို လည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

၄။      အကျဉ်းသား/သူ၊ အချုပ်သား/သူများ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ အကျဉ်းထောင် စာကြည့်တိုက်တွင် ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံအုပ်ရေ (၂၀၀) နှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း မြန်မာပြန် စာသားများပါရှိသော မှတ်စုစာအုပ် (၃၀၀) အုပ်တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ အကျဉ်းထောင်တာဝန်ခံမှ လက်ခံရယူခဲ့ပါသည်။

၅။      ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ပုသိမ်အကျဉ်းထောင်ခရီးစဉ်အတွင်း စစ်ဆေး တွေ့ရှိ ချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်