မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပူတာအိုအကျဉ်းထောင်၊ ပူတာအိုမြို့နှင့် မချမ်းဘောမြို့များရှိ မြို့မရဲစခန်းအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
အဖွဲ့ဝင် ဦးတင်အောင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင်ဥပဒေ ပုဒ်မ ၄၃ နှင့် ၄၄ အရ ၁၅-၃-၂၀၂၃ ရက်နေ့တွင် ပူတာအို အကျဉ်းထောင်၊
ပူတာအိုမြို့နှင့် မချမ်းဘောမြို့များရှိ မြို့မရဲစခန်းအချုပ်ခန်းများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အကျဉ်းထောင်နှင့်
မြို့မရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊
အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေ
ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေလုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသားတစ်ဦး၏
အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊
ရသင့် ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့်
ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်း မှတ်တမ်းတင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အကျဉ်းထောင်ကို
ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏
အိပ်ဆောင်များ၊ တိုက်ခန်းများ၊ အကျဉ်းထောင်ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များနှင့် အတွင်း/အပြင်မိလ္လာများ
သန့်ရှင်းမှု ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟု သုတရဖွယ်ရာ စာအုပ်စာပေ ၅၀ အုပ်တို့ကို ကော်မရှင်မှ ပူတာအိုအကျဉ်းထောင်ကို လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိမှ လက်ခံရယူခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်



