မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဖျာပုံမြို့မရဲစခန်းအချုပ်ခန်းနှင့် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးသန်းဝင်းတို့  ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၅-၆-၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံ မြို့မရဲစခန်းအချုပ်ခန်းနှင့် ဖျာပုံအကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဖျာပုံမြို့မရဲစခန်းအချုပ်ခန်းများကို ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိ အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန် ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှု အခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင် ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့အား အချုပ်သား/ အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။     

၃။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသား/သူ၊ အချုပ်သား/သူ တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ကျွေးမွေးမှုအခြေအနေ၊ အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အကျဉ်းသား၏ ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေ ပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ လက်ခံ ရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှုအခြေအနေ၊ ကျန်းမာ ကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပေးမှု အခြေအနေ၊ ယုံကြည်ရာ ကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့် အခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးနေမှု အခြေအနေ၊ အကျဉ်းသား/သူများအား အကျဉ်းထောင် ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေ စသည်တို့ကို မေးမြန်းခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို လှူဒါန်းခဲ့ပါသည်။

၄။      ထို့နောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးခန်း၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်များ၊ သုံးရေအတွက် မြစ်ရေမှ ရေစုကန်၊ ၎င်းမှတစ်ဆင့် ရေစစ်ကန်သို့ ရေဖြန့်ဝေပေး သည့်နေရာ၊ သုံးရေ/ချိုးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများနှင့် မိုးရေ စုဆောင်းထားသည့် မြေသားရေကန် အခြေအနေစသည်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၅။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News