မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းနှင့်
ဦးအုန်းခိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊
၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၁၇-၇-၂၀၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ
မင်းကုန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
ခဲ့ပါသည်။
မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းကို
ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို
အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့်
အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိပါက
ဆေးကုသပေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်သုံး ရေ လုံလောက်မှု ရှိ မရှိ၊ အလုပ်နားရက်တွင်
ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု အခြေ အနေ၊ အကျဉ်းသားများမှ စခန်းစာကြည့်တိုက်ရှိ
စာအုပ်များ ငှားရမ်းဖတ်ရှုရာတွင် လွယ်ကူစွာ ဖတ်ရှုနိုင်ရေး
ဆောင်ရွက်ပေးမှု ရှိ မရှိ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိ မရှိ၊ မိသားစုတွေ့ဆုံခွင့် နှင့် ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊
ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း
တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက် မှု ရှိ မရှိနှင့်
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး
သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား (၃) ဦးကို
မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။
ထို့နောက် အကျဉ်းသားများ၏
အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုထောင်၊ ရေသန့်စက်၊
သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ တို့ကို
ကြည့်ရှု စစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ
စာအုပ်စာပေများ ကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏
ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့
ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်
ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်