မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မန္တလေးလူငယ်သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၅-၃-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးခဲ့ရာတွင် သင်တန်းကျောင်းအတွင်းရှိ လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော လူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာ ကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အိပ်ဆောင်များ ထားရှိမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှု အခြေအနေ၊ လူငယ်များအား စာရိတ္တပြုပြင်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပြုစုပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်အောင် ပြုစုပျိုးထောင်ပေးမှုအခြေအနေများနှင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ မန္တလေးလူငယ်သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News