မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်
ကော်မရှင်ဥပဒေ ၄၃၊ ၄၄ ပြဋ္ဌာန်းချက် များနှင့်အညီ အကျဉ်းထောင်၊ အကျဉ်းစခန်း၊
အချုပ်ခန်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကို ကြည့်ရှုစစ်ဆေးလျက်ရှိရာ ၂-၁၁-၂၀၂၆
ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန
ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊
မရမ်းကုန်းမြို့နယ်တွင် တည်ရှိသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအား
ကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဦးသန်းဝင်း၊ ဦးအုန်းခိုင်၊ ဦးညီညီနှင့် ဦးထွန်းထွန်းဝင်းတို့ ဦးဆောင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါစခန်းအား ကြည့်ရှုစစ်ဆေးစဉ် စခန်းတွင်
လက်ခံစောင့်ရှောက်ထားသော သင်တန်းသားများအတွက် အာဟာရပြည့်ဝသော အစားအစာနှင့်
သန့်ရှင်းသော သောက်ရေသုံးရေ လုံလောက်စွာ ရရှိစေရေး စီစဉ်ထားမှု အခြေအနေ၊
ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆေးပြတ်သည့်အချိန်တွင် ဖြစ်ပေါ်နိုင်သော လက္ခဏာများကို
စနစ်တကျစောင့်ကြည့်ပေးမှု ရှိ မရှိ၊ ဆေးပြတ်စဉ် ကြုံတွေ့ရသောဝေဒနာများအတွက်
လိုအပ်သော အကူအညီနှင့် ဆေးဝါးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့်
ဆက်သွယ်ဆောင်ရွက်ခွင့်နှင့် မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်ရရှိရေး
ဆောင်ရွက်ပေးမှု အခြေအနေ၊ ခွဲခြားဆက်ဆံမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ
အခြေအနေများ၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားမှုနှင့်
စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်