မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ခရိုင်/မြို့နယ် တရားရုံးအချုပ်ခန်းများ၊ ရဲစခန်းအချုပ်ခန်းများနှင့် မော်လမြိုင်အချုပ်ထောင်တို့အား ကြည့်ရှုစစ်ဆေးခြင်း

  • News

     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၁၁-၇-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ခရိုင်/ မြို့နယ် တရားရုံးအချုပ်ခန်း၊ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့ရှိ အချုပ်ခန်းများကိုလည်းကောင်း၊ ၁၂--၂၀၂၄ ရက်နေ့တွင် မော်လမြိုင်အချုပ်ထောင်ကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရိုင်/ မြို့နယ် တရားရုံးအချုပ်ခန်းများ၊ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းအချုပ်ခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှု အခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊  အကျိုးဆောင် ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မော်လမြိုင်အချုပ်ထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားများ၏ နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ သုံးစွဲမှုအခြေအနေများ၊  မိသားစုနှင့်တွေ့ဆုံမှု အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် အိပ်ဆောင်များအတွင်း သန့်ရှင်းမှု ရှိ မရှိ၊ ယုံကြည်ရာ ကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်ရရှိမှု ရှိ မရှိ စသည့် အကျဉ်းသား၊ အချုပ်သား တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများ ရရှိခြင်း ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကိုလည်း တွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

     အချုပ်ထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News