မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ရွှေမြယာစိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်းအား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၁၂-၉-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ရွှေမြယာစိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ရွှေမြယာစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင်တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုလာရောက် တွေ့ဆုံနိုင်မှု အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်း‌ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ အခြေအနေနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသားများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

၃။      စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်ကန်၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့အပြင် အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News