မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လားရှိုးမြို့ပေါ်ရှိ အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများ၊ လူငယ်သင်တန်းကျောင်းနှင့် ဆင်းရွှေလီဘိုးဘွားရိပ်သာများအား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးပေါ်လွင်စိန်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်၁၇-၃-၂၀၂၂ ရက်နေ့နှင့် ၁၈-၃-၂၀၂၂ ရက်နေ့များတွင် လားရှိုးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ လူငယ်သင်တန်းကျောင်းနှင့် ဆင်းရွှေလီဘိုးဘွား ရိပ်သာတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးစဉ် လားရှိုးလူငယ်သင်တန်းကျောင်းတွင် ကလေးငယ်များကို တွေ့ဆုံခြင်း၊ ဆင်းရွှေလီဘိုးဘွားရိပ်သာတွင် အဘိုး/အဘွားများကို တွေ့ဆုံပြီး အားပေးစကားပြောကြားခြင်းတို့ ကို ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ညှိနှိုင်းမှာကြား၍ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါသည်။

၃။      အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေလုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံး ရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိ စသည် တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။      အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine ထားရှိသည့်အဆောင်၊ အတွင်း/အပြင်မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို လည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၅။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News