မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူငယ်သင်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။         မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၉-၁၂-၂၀၂၁ ရက်နေ့ တွင်  ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) တို့ကိုလည်းကောင်း၊ ၃၀-၁၂-၂၀၂၁ ရက်နေ့တွင်ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်) ကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် လူငယ်သင်တန်းကျောင်းများတွင် စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ အာဟာရပြည့်မီသော အစားအစာ၊ သန့်ရှင်းသော သောက်သုံးရေရရှိခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိခြင်း ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းကျောင်းရှိကလေးသူငယ်များ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ လူငယ်သင်တန်းကျောင်းများရှိ စာကြည့်တိုက်များတွင် ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံ အုပ်ရေ (၁၅၀) နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများ ပါရှိသော မှတ်စုစာအုပ် (၁၅၀၀) အုပ်တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်များက လက်ခံရယူခဲ့ပါသည်။

၃။      ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့မှ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါ သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News