မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ
၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့် အညီ ၁၇-၉-၂၀၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ
လှေလှော်အင်း စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းသို့
ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း ဦးဆောင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့်
အသက်မွေးမှု အတတ်သင်စခန်းကို ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊
ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ်
အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏
အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ
လုံလောက်စွာ ရရှိနိုင်မှု အခြေအနေ၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်နိုင်မှု အခြေအနေ၊
စာပေဖတ်ရှုခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိမှု အခြေအနေ၊ မိသားစုတွေ့ဆုံခွင့်နှင့် ထောင်ဝင်စာပစ္စည်းများ
စုံလင်စွာရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ
မရှိနှင့် လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြား ဆက်ဆံမှု ရှိ မရှိ
အခြေအနေများ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့်
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု ရှိ မရှိ အခြေအနေများစသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခဲ့ပြီး
သီးခြားတွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား (၃) ဦးကိုလည်း လွတ်လပ်စွာ
သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။
ထို့နောက် အကျဉ်းသားများ၏ အိပ်ဆောင်များ၊
ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုထောင်၊ ရေသန့်စက်၊
သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ တို့ကို
ကြည့်ရှု စစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ
လှူဒါန်းခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်