မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အင်းစိန်ဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊
ကော်မရှင် အဖွဲ့ဝင် ဦးသန်းဝင်း၊ ဦးအုန်းခိုင်၊ ဒေါက်တာနုနုရီနှင့်
ဒေါက်တာဆွေဆွေအောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ
၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၂၀၂၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်ကို
ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ လိင်စိတ်ခံယူမှုကွဲပြားသူအကျဉ်းသားများအဆောင်၊
အကျဉ်းထောင်ဆေးရုံရှိ သက်ကြီးမသန်စွမ်း အကျဉ်းသားများအဆောင်၊ ဆေးကုသဆောင်များ၊
ဆေးသိုလှောင်ခန်း၊ ဓာတ်မှန်ခန်း၊ သွားရောဂါ ကုသဆောင်၊ တီဘီရောဂါကုသဆောင်၊ စာကြည့်တိုက်၊
သက်မွေးဝမ်းကျောင်းပညာ သင်ကြားသည့် အလုပ်ရုံ၊ ဓမ္မာရုံ၊ စားဖိုကြီး၊ ဂတ်စ်မီးဖို၊ ရိက္ခာဂိုထောင်၊
ရေသန့်စက်များ၊ သုံးရေကန်များ ကြည့်ရှု စစ်ဆေးခြင်း၊ အတွင်း/အပြင်
မိလ္လာများသန့်ရှင်းမှု ရှိ မရှိ ကြည့်ရှုစစ်ဆေးခြင်းနှင့် အကျဉ်းထောင် အတွင်း
အကျဉ်းသားများအား သင်ကြားပို့ချပေးသည့် အခြေခံ အရေး အဖတ် အတွက် သင်တန်း၊ Grade 9 မှ Grade 12 နှင့်
တက္ကသိုလ်စာသင်နှစ်များအလိုက် စာပေသင်ကြားပေးနေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊
ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန်
ဆောင်ရွက်ပေးနေမှု၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ
စုံလင်စွာလက်ခံ ရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊
ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက် လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှု၊
အတန်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာသင်ကြားပေး နေမှုအခြေအနေများ၊
အကျဉ်းသား/သူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊
အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိအခြေအနေနှင့်
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကော်မရှင်နှင့်လွတ်လပ်စွာ
သီးခြားတွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူများ၏ တင်ပြချက်များကို
မေးမြန်း မှတ်တမ်းတင်ခဲ့ပါသည်။ ကော်မရှင်မှ အကျဉ်းသားများ
လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသနှင့် ဘာသာရေးဆိုင်ရာ စာအုပ်စာပေများကို
အကျဉ်းထောင် တာဝန်ရှိသူများထံ လှူဒါန်းခဲ့ပြီး နောက်ဆုံးအကြိမ် အကျဉ်းထောင်အား
ကြည့်ရှုစစ်ဆေးခဲ့စဉ် ကော်မရှင်၏ အကြံပြုချက်များအပေါ် အကျဉ်းထောင်မှ အကောင်အထည်ဖော်
ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏
ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့
ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်
ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်