မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း (ရန်ကုန်) အား ကြည့်ရှုစစ်ဆေးခြင်း

  • News

     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးသန်းဝင်း တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၉-၁၂-၂၀၂၄ ရက်နေ့တွင် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းသွယ်ရှိ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမျိုးသမီးသက်မွေးအတတ်ပညာ‌သင်ကျောင်းအတွင်း လက်ခံ စောင့်ရှောက်သင်ကြားပေးလျက်ရှိသော အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှု အခြေအနေ၊ အိပ်ဆောင်များထားရှိမှု အခြေအနေ၊ အမျိုးသမီး တကိုယ်ရည်သုံးပစ္စည်းများ လုံလောက်စွာရရှိမှု အခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် ဆောင်ရွက်‌ပေးမှုအခြေအနေ၊ ချိုးရေကန်များ သန့်ရှင်းမှုနှင့် ရေလုံလောက်မှု ရှိ မရှိ အခြေအနေတို့အပြင် အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက် ကောင်းမွန်လာစေရေး၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ ဘဝလုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံ လူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်‌ပေးမှုအခြေအနေတို့နှင့် ကော်မရှင်မှ ယခင်လာရောက် စစ်ဆေးခဲ့စဉ်က အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

 

         မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News