မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ၄ မိုင် ကုန်ထုတ်စခန်း၊ တောင်ငူအကျဉ်းထောင်နှင့် ရဲစခန်း အချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၅-၈-၂၀၂၂ ရက်နေ့တွင် ၄ မိုင် ကုန်ထုတ်စခန်းနှင့် တောင်ငူအကျဉ်းထောင်သို့လည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌဒေါက်တာနန္ဒာမွှန်းနှင့်ကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၆-၈-၂၀၂၂ ရက်နေ့တွင် တောင်ငူ အကျဉ်းထောင်နှင့် ယင်းမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကိုလည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       အကျဉ်းထောင်၊ ကုန်ထုတ်စခန်းနှင့် ရဲစခန်း အချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေလုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အုပ်စုလိုက်ခွဲ၍တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သား တစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ ၊ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု၊ ကုန်ထုတ်လုပ်နေမှုအခြေအနေ စသည်တို့ကိုမေးမြန်း မှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှု စစ်ဆေးခဲ့သည် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။      အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်းများအား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ၊ ကုန်ထုတ်စခန်းလုပ်ငန်းခွင် အန္တရာယ် ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။      အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများပါရှိသော မှတ်စုစာအုပ် ၆၀၀ အုပ်၊ ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၂၀၀ အုပ်တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိများမှ လက်ခံရယူခဲ့ပါသည်။

၅။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်