မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့် မအူပင်မြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းများ၊ တရားရုံးအချုပ်ခန်းများနှင့် မအူပင်ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၉-၄-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ မြို့မရဲစခန်း အချုပ်ခန်း၊ တရားရုံးအချုပ်ခန်းနှင့် မအူပင်ဘိုးဘွားရိပ်သာသို့  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အမှုစစ်ဆေးစဉ်ကာလအတွင်း ညှင်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင်အမှုရင်ဆိုင်ရန် ရုံးထုတ်အချိန်အတွင်း စားသောက်ရမှု အခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ မရှိ၊ အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။      ထို့နောက် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မအူပင်ဘိုးဘွားရိပ်သာ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု အခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။        ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News