မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် တိုက်ကြီးမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းများနှင့် ဥက္ကံမြို့ရှိ ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်  ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ    ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ ဥက္ကံမြို့ရှိ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာ၊ တိုက်ကြီး မြို့ပေါ်ရှိ တိုက်ကြီးမြို့မရဲစခန်းအချုပ်ခန်း၊ တိုက်ကြီးခရိုင်တရားရုံးအချုပ်ခန်းနှင့် မြို့နယ်တရားရုံး အချုပ်ခန်းတို့အား  ၂၅-၆-၂၀၂၄ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဥက္ကံမြို့ရှိ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာအား ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးစဥ် လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက် တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေး နေမှုအခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်းနှင့် စားဖိုဆောင်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။      တိုက်ကြီးမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်း၊ ခရိုင်တရားရုံးအချုပ်ခန်းနှင့် မြို့နယ်တရားရုံးအချုပ်ခန်းတို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အမှုစစ်ဆေးစဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ မိသားစုတွေ့ဆုံမှုအခြေအနေ၊ တရားရုံးတွင်အမှုရင်ဆိုင်ရန် ရုံးထုတ် အချိန်အတွင်း နေထိုင်စားသောက်ရမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ မရှိနှင့် အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေ တို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။         

၄။        ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေ နှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News