မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ပုသိမ်အကျဉ်းထောင်၊ ပုသိမ်မြို့ရှိ ရဲစခန်း အချုပ်ခန်း၊ တရားရုံး အချုပ်ခန်း၊ စက်တော်ရာဘိုးဘွားရိပ်သာနှင့် ကော်မရှင် ပုသိမ်(ရုံးခွဲ) တို့အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်  ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၁၉-၂-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရဲစခန်း အချုပ်ခန်းနှင့် တရားရုံး အချုပ်ခန်းသို့လည်းကောင်း၊ ၂၀-၂-၂၀၂၄ ရက်နေ့တွင် အကျဉ်းဦးစီးဌာန၊ ပုသိမ်အကျဉ်းထောင်နှင့် ပုသိမ်မြို့ရှိ စက်တော်ရာဘိုးဘွားရိပ်သာသို့လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ၂၁-၂-၂၀၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ပုသိမ်(ရုံးခွဲ) လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။  ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်မြို့ရှိ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ မိသားစုတွေ့ဆုံမှုအခြေအနေ၊ ရုံးထုတ်နေမှုအခြေအနေ၊ ရုံးထုတ်ကာလအတွင်း စားသောက်မှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ မရှိနှင့် အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။    ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်  ပုသိမ်အကျဉ်းထောင်အား  ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သား တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ လုံလောက်မှု ရှိ မရှိ၊ မိသားစုနှင့် တွေ့ဆုံခွင့်အခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိနှင့် အိပ်ဆောင်များအတွင်း သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေး မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

၄။ ပုသိမ်အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၅။   ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်မြို့နယ်ရှိ စက်တော်ရာဘိုးဘွားရိပ်သာ၌ လက်ခံ စောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု အခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘိုးဘွားများ အနားယူ အပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၆။  ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News