မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်ထုတ်စခန်းများ၊ ရဲစခန်းအချုပ်ခန်းနှင့် ဘိုးဘွားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ  ၁၆-၁-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ ထုံးဘို ကျား (၁) ကုန်ထုတ်စခန်းနှင့် ကျား(၂) ကုန်ထုတ်စခန်းများသို့လည်းကောင်း၊ ၁၇-၁-၂၀၂၄ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ ထုံးဘို (မ) ကုန်ထုတ်စခန်းနှင့် ပြင်ဦးလွင်မြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ ၂၄ မိုင် ကုန်ထုတ်စခန်းများသို့ လည်းကောင်း၊ ၁၈-၁-၂၀၂၄ ရက်နေ့တွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းများနှင့်  ချယ်ရီမြေ ဘိုးဘွားရိပ်သာသို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်  ကုန်ထုတ်စခန်းများနှင့် ရဲစခန်း အချုပ်ခန်းတို့ကို ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သား တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေလုံလောက်မှု ရှိ မရှိ၊ မိသားစုနှင့်တွေ့ဆုံခွင့် အခြေအနေ၊ လွတ်လပ်စွာကိုးကွယ်နိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် အချုပ်ခန်း အတွင်း သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်း သား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ များကိုလည်း သီးခြားတွေ့ဆုံ မေးမြန်း မှတ်တမ်းတင်ခဲ့ပါသည်။

၃။      ကုန်ထုတ်စခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။         ထို့နောက် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်ရှိ ချယ်ရီမြေဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှု အခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊  ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၅။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော် သကဲ့သို့ အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News