မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်ထုတ်စခန်းများ ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၁၄-၅-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ ထုံးဘို ကျား(၁) ကုန်ထုတ်စခန်းနှင့် ကျား (၂) ကုန်ထုတ်စခန်းများသို့လည်းကောင်း၊ ၁၅-၅-၂၀၂၅ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ ထုံးဘို (မ) ကုန်ထုတ်စခန်းနှင့် ပြင်ဦးလွင်မြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ ၂၄ မိုင်ကုန်ထုတ်စခန်းများသို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးစဉ် သက်ဆိုင်ရာကုန်ထုတ်စခန်းတာဝန်ခံများမှ အုပ်ချုပ်ထောက်ပံ့ဆိုင်ရာ ကိစ္စများကို ရှင်းလင်းတင်ပြကြပါသည်။ ထိုသို့ တင်ပြမှုအပေါ် ကော်မရှင်အဖွဲ့ဝင်မှ မတ်လအတွင်း လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် သေဆုံးထိခိုက်ပျက်စီးမှု ရှိ မရှိ မေးမြန်းရာတွင် ကုန်ထုတ်စခန်းတာဝန်ခံများနှင့် အကျဉ်းသား၊ အကျဉ်းသူများက လူထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် အဆောက်အဦအသေးစား ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိကြောင်း တင်ပြကြပါသည်။

၃။      ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်ရှေ့တွင် စုစည်းတွေ့ဆုံကာ အကျဉ်းသား၊ အကျဉ်းသူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုလာရောက် တွေ့ဆုံနိုင်မှု အခြေအနေ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်း‌ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ အခြေအနေနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား (၁၃) ဦးကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

၄။      ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အကျဉ်းဦးစီးဌာန၊ ကုန်ထုတ်စခန်းများသို့ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ထမင်းစားဆောင်၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/ အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှု နိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။

၅။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News