မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ရမည်းသင်းမြို့ရှိ ရမည်းသင်းအကျဥ်းထောင်၊ တပ်ကုန်းမြို့နယ်ရှိ ကင်းသာ (၁)၊ (၂) ကုန်ထုတ်စခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ ရမည်းသင်း အကျဥ်းထောင်အား ၂၃-၇-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ကင်းသာ (၁)၊ (၂) ကုန်ထုတ်စခန်းအား ၂၄-၇-၂၀၂၄ ရက်နေ့တွင်လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရမည်းသင်းအကျဥ်းထောင်နှင့် ကင်းသာ (၁)၊ (၂) ကုန်ထုတ် စခန်းတို့အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့်တွေ့ဆုံခွင့်ပေးနေမှု အခြေအနေ၊ ယုံကြည်ရာ ကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှုအခြေအနေ၊ စာရိတ္တပြုပြင်ပြောင်းလဲပေးမှု အခြေအနေ၊ စာကြည့်တိုက် စီစဥ်ထားရှိမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာ ရရှိမှုအခြေအနေ၊ ရသင့် ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည် တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

၃။      ရမည်းသင်းအကျဥ်းထောင်နှင့် ကင်းသာ (၁)၊ (၂) ကုန်ထုတ်စခန်းတို့အား ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/ အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့် အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News