မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ ကော့သောင်းမြို့နှင့် မော်လမြိုင်မြို့များသို့ သွားရောက်၍ အကျဉ်းထောင်များအား စစ်ဆေးခြင်း

  • News

ကော်မရှင်အဖွဲ့၏ဆောင်ရွက်ချက်

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်၊ အဖွဲ့ဝင် ဦးခွထီးယိုးနှင့် လူ့အခွင့်အရေးအရာရှိ ဦးဇေယျာလင်း တို့ပါဝင်သော အဖွဲ့ငယ်သည် ကော့သောင်းအကျဉ်းထောင်အားစစ်ဆေးရန် အကျဉ်းထောင် အတွင်း ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန်နှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်း ပြည်သူ လူထုအား လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ (၂၀-၉-၂၀၁၃) ရက်နေ့မှ (၂၃-၉-၂၀၁၃) ရက်နေ့ အထိ သွားရောက်ခဲ့သည်။ ကော့သောင်းအကျဉ်းထောင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ တိုင်းဒေသကြီး အကျဉ်း ထောင် ဦးစီးမှူးအပါအဝင် တာဝန်ရှိသူအချို့နှင့် တွေ့ဆုံ၍ အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်း၊ ကော့သောင်း အကျဉ်းထောင်ရှိ အကျဉ်းသား အချို့အား စုံစမ်းစစ်ဆေးခြင်း၊ ကော့သောင်း ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေရသော ဒဏ်ရာရသူ အကျဉ်းသားဦးဇော်ဇော်၊ ဦးစိုးမြင့်နှင့် ဦးအောင်ဆန်းဝင်းတို့ (၃) ဦးအား တွေ့ဆုံခြင်း၊ အကျဉ်းသား မိသားစုဝင် အချို့ အားစုံစမ်း စစ်ဆေးခြင်း၊ ကော့သောင်းမြို့ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခြင်း တို့ကို ပြုလုပ်ခဲ့သည်။

    ၂၃-၉-၂၀၁၃ ရက်နေ့တွင် ကော်မရှင်အဖွဲ့ငယ်သည် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူ သကခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ် များနှင့် ပြည်သူလူထုအင်အား(၂၀၀) ကျော်ခန့်အား လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ များ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

    ထို့နောက်ကော်မရှင်အဖွဲ့ငယ်သည် (၂၄-၉-၂၀၁၃) ရက်နေ့တွင် ကော့သောင်းဆေးရုံမှ ရန်ကုန်မြို့ ၊ ပြည်သူဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူနေသော ဒဏ်ရာရအကျဉ်းသား  ကိုအောင်အောင်ဦး အား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ ထွက်ဆိုချက်ရယူခြင်းများ ဆောင် ရွက်ခဲ့သည်။

    ကော့သောင်းအကျဉ်းထောင်မှ မော်လမြိုင်အကျဉ်းထောင်သို့ ပြောင်းရွေ့ခဲ့သည့် အကျဉ်းသား (၁၂၀) ဦးအနက်မှ အကျဉ်းသားအချို့အားတွေ့ဆုံမေးမြန်းရန် မော်လမြိုင် အကျဉ်းထောင်သို့ ၂၆-၉-၂၀၁၃ ရက်နေ့တွင်သွားရောက်ခဲ့ကာ အကျဉ်းသားများ ပြောင်းရွေ့ရာတွင် ကြီးကြပ် ဆောင် ရွက်ခဲ့သော အကျဉ်းဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး (၁) ဦး၊ ဆေးအရာရှိ (၁) ဦးနှင့် အကျဉ်း သား (၄) ဦးတို့အား တွေ့ဆုံးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး (၂၇-၉-၂၀၁၃) ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဖြစ်စဉ်အကျဉ်း

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အကျဉ်းထောင်၌ (၁၃-၉-၂၀၁၃) ရက်နေ့၊ (၂၀:၀၀) နာရီအချိန်ခန့်တွင်အဆောင်(၁) အခန်း(၄) ရှိ အကျဉ်းသား(၃)ဦး စကားများသဖြင့် အကျဉ်းဦးစီး ဌာနမှ တာဝန်ရှိသူများက အဆိုပါ အကျဉ်းသား(၃)ဦးအား မိန်းဂျေးလ်ရုံးသို့ ခေါ်ယူစစ်ဆေး၍ လက်ကိုင်တုတ်ဖြင့်ရိုက်နှက်ခဲ့သောကြောင့် အကျဉ်းထောင်အတွင်းရှိ အခြားအကျဉ်းသားများမှ ရိုက်နှက်ခြင်းမပြုရန် ဆူပူအော်ဟစ်ခဲ့ရာမှ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆသည်။ တာဝန်ရှိသူများမှ ဆူပူခြင်းမပြုရန် လက်ကိုင်အသံချဲ့စက်ဖြင့် သတိပေးတားမြစ်ခဲ့သည်။ အကျဉ်းသားများက ဆက်လက်ဆူပူခြင်း၊ အကျဉ်းထောင်ခေါင်မိုးကို ဖောက်ထွက်ခြင်း၊ အကျဉ်း ထောင်အပေါ်ထပ်ကြမ်းခင်းအား ဖောက်ထွက်ခြင်း၊ အကျဉ်းထောင်၏ လှေခါးလက်ရမ်းကို ရိုက်ချိုး၍ အကျဉ်းထောင် အခန်းတံခါးသော့များအား ရိုက်ဖျက်ခြင်း၊ အကျဉ်းထောင် လုံခြုံရေး ဝန်ထမ်းအချို့၏ အိပ်ယာခင်း၊ အဝတ်အစားတို့ကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အကျဉ်းထောင်ဝန်ထမ်းများက သေနတ်ဖြင့် (၃) ကြိမ် မိုးပေါ်ထောင်ဖောက်၍ ဟန့်တား ခဲ့သော်လည်း ဆူပူမှုမရပ်တန့်သဖြင့်ချိန်ရွယ်ပစ်ခတ်ခဲ့သည်။ အကျဉ်းသားများမှ အကျဉ်းထောင် အခန်း(၂) ခန်း၏ မီးကြိုးများအား ဖြတ်တောက်ခဲ့သည်။ (၂၀:၄၅) နာရီအချိန်ခန့် တွင် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသော အဖွဲ့ရောက်ရှိလာပြီး ဝိုင်းဝန်း ထိန်းသိမ်း လိုက်သဖြင့် ပုံမှန်အနေအထား သို့ပြန်လည် ရောက်ရှိခဲ့သည်။ (၁၅-၉-၂၀၁၃) ရက်နေ့ နံနက်အချိန်ခန့်တွင် အကျဉ်းထောင် အိပ်ဆောင်(၂) ခုကြား မြေကွက်လပ်တွင် အကျဉ်းသား (၄၀၀) ခန့် စုပေါင်း၍ “အဖြစ်မှန်ဖော်ထုတ်ပေးရေး ဒို့အရေး၊ မီဒီယာဝင်ရောက် ခွင့်ပေးရေး ဒို့အရေး၊ ထောင်ပိုင်နှင့် လူသတ်ကောင်များအား အလိုမရှိ” ဟု ကြွေးကြော်အော်ဟစ်ဆန္ဒပြခဲ့ကြသည်။ အကျဉ်းထောင် တာဝန်ရှိသူများမှ တန်းစီး(အခန်းတာဝန်ခံ)များ အား ခေါ်ယူ တွေ့ဆုံညှိနှိုင်းခဲ့သဖြင့် ဆက်လက် ဆူပူမှုမပြုဘဲ ကြွေးကြော်သံများကို စာဖြင့် တင်ပြခဲ့ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်

အကျဉ်းထောင်ဝန်ထမ်းများ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အကျဉ်းသား(၈)ဦး သေ နတ်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ(၈)ဦး အနက် အကျဉ်းသားတစ်ဦးမှာ ဦးခေါင်းသေ နတ်ကျည်ထိမှန်ဒဏ်ရာဖြင့် အကျဉ်းထောင် ထောင်ဗူးဝတွင် သေဆုံးခဲ့ပြီး ကျန်ဒဏ်ရာ ရရှိသူ (၇) ဦးအား ကော့သောင်းခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့ကြောင်း သိရသည်။

    ကော့သောင်းခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသပေးခဲ့သည့် ဒဏ်ရာရရှိခဲ့သူ အကျဉ်းသား (၇) ဦး အနက် (၁၅-၉-၂၀၁၃) ရက်နေ့ နံနက်တွင် အကျဉ်းသား တစ်ဦးအား မြိတ်ဆေးရုံသို့ လည်းကောင်း ၊ နေ့လည်တွင် အကျဉ်းသား(၂) ဦးအား ထားဝယ်ဆေးရုံသို့ လည်းကောင်း၊ (၁၈-၉-၂၀၁၃) ရက်နေ့ နေ့လည်ခန့်တွင် အကျဉ်းသားတစ်ဦးအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ရင်ခေါင်း ခွဲစိတ်ကုသ ဌာနသို့ လွှဲပြောင်းတင်ပို့ကုသပေးခဲ့ကြောင်း သိရှိရသည်။

    ကျန်ဒဏ်ရာရ အကျဉ်းသား(၃) ဦးအား ကော့သောင်းခရိုင်ဆေးရုံကြီးတွင် ဆက်လက်ကုသမှု ပြုလုပ်ပေးခဲ့ပြီး ၂၁-၉-၂၀၁၃ ရက်နေ့ နံနက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း တွေ့ရှိရသည်။

    (၁၈-၉-၂၀၁၃) ရက်နေ့ ညနေတွင် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား (၁၂၀) ဦးအား မော်လမြိုင်အကျဉ်းထောင်သို့ ပြောင်းရွေ့ရန် “ပြည့်ဖြိုးထွန်း ၁၅” ကုန်တင်သင်္ဘောဖြင့် တင်ဆောင်၍ ကော့သောင်းမြို့မှ ထွက်ခွာခဲ့သည်။ လမ်းခရီး၌ ရာသီဥတု ဆိုးဝါးသဖြင့် မလိကျွန်း ၌ (၄) ရက်ခန့်နားခိုခဲ့ရကာ မလိကျွန်း၌နားခိုနေစဉ်တွင် တပ်မတော် (ရေ)မှ ဆေးဝါး၊ အစားအစာ နှင့် သောက်ရေသန့်များ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။ လမ်းခရီးတစ်လျောက်လုံး၌ အကျဉ်းသား များ ထိခိုက်ဖျားနာမှုမရှိခဲ့ဘဲ မော်လမြိုင်မြို့သို့ (၂၆-၉-၂၀၁၃) ရက်နေ့ နံနက်တွင် ကောင်းမွန်စွာ ရောက်ရှိခဲ့ကြောင်းသိရသည်။

ခြုံငုံဖော်ပြချက်

(က)    အကျဉ်းဦးစီးဌာနသည် ၁၈၉၄ ခုနှစ် အကျဉ်းထောင်များ အက်ဥပဒေနှင့် အကျဉ်းထောင် လက်စွဲ/နည်းဥပဒေအား ကိုးကားကျင့်သုံးကြောင်း တွေ့ရှိရ သည်။

(ခ)     စကားများရန်ဖြစ်သည့် အချုပ်သား(၃) ဦးအား ထောင်စည်းကမ်းအရ ပြစ်ဒဏ်ပေးခြင်း မပြုဘဲအကျဉ်းထောင် ထောင်မှူးနှင့် ဝန်ထမ်းအချို့မှ လက်ကိုင်တုတ်ဖြင့် အမှန်တကယ် ရိုက်နှက်ခဲ့ခြင်းကို စစ်ဆေးတွေ့ရှိရသည်။ ရိုက်နှက်၍ ပြစ်ဒဏ်ပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်။ တာဝန်ရှိသူအား အရေးယူပြုပြင်ရန် တိုက်တွန်း ပါသည်။

(ဂ)     ၁၈၉၄ ခုနှစ် အကျဉ်းထောင်များအက်ဥပဒေ ပုဒ်မ ၅၉(၆) နှင့် အကျဉ်းထောင် လက်စွဲ/နည်းဥပဒေ ပုဒ်မ ၃၁၇ (ခ) တွင် “ အကျဉ်းထောင်အတွင်း စုပေါင်းတိုက်ခိုက်မှုများ (သို့) အပြင်တံခါးမကြီး (သို့) ခြံခတ်ထားသည့် အုတ်နံရံများအား တွန်းချိုးဖောက်ထွင်းရန်၊ ဖွင့်လှစ်ရန် ကြိုးပမ်းခြင်းတို့ ပြုလုပ်သော အကျဉ်းသားများအပေါ်တွင် မည်သည့်လက်နက်မဆို အသုံးပြု နိုင်သည်။ ယင်းလက်နက်များကို ဆူပူသောင်းကျန်း တိုက်ခိုက်မှုများ (သို့) ကြိုးပမ်းမှုများ ဆက်လက်ပြုလုပ်မှု ပြီးသည်အထိအသုံးပြုနိုင်သည်။” ဟု ပြဌာန်းပါရှိပါသည်။ ဤပြဌာန်းချက် တွင် ပစ်ခတ်နှိမ်နှင်းခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကန့်သတ်ထားခြင်း မရှိကြောင်း တွေ့ရ သည်။ ယနေ့ခေတ်စနစ်နှင့် ကိုက်ညီသော အကျဉ်းထောင် ဥပဒေနှင့် နည်းဥပဒေများ ပြဌာန်း ကျင့်သုံးရန် တိုက်တွန်းပါသည်။

    သတင်းမှန်၊ ဖြစ်စဉ်မှန်များ အချိန်မီထုတ်ပြန်ခြင်း၊ အသိပေးခြင်းမရှိသဖြင့် အကျဉ်းသား မိသားစု နှင့် မြို့လူထုမှာ သတင်းမှန်နှင့် ရောနှော လွှတ်လိုက်သော ကောလဟာလများကို ဟုတ်နိုးနိုးယုံ၍ စိုးရိမ်ပူပန်မှုဖြစ်ပေါ်နေကြကြောင်း တွေ့ရှိရသည်။ ဥပဒေနှင့်မဆန့်ကျင်သော၊ လုံခြုံမှုမထိခိုက် သော သတင်းများထုတ်ပြန်ပေးသင့်ပါသည်။

 

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၈၊ ၁၀၊ ၂၀၁၃

Recent News