မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

  • News

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး‌ကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Knowledge Sharing Program အရ “ဦးစီးတာဝန်နှင့် ရုံးအုပ်ချုပ်မှု အနုပညာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေး ဟောပြောပွဲကို      ၁-၁၁-၂၀၂၃ ရက်နေ့၊ နံနက် ၉း၃၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲသည် ဒုတိယအကြိမ် Knowledge Sharing အစီအစဉ်ဖြစ်ပါကြောင်း၊ Knowledge Sharing ပြုလုပ်ခြင်းသည် မျက်မှောက်ကာလတွင် ရေပန်းစားလျက်ရှိပါကြောင်း၊  “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆောင်ပုဒ်အတိုင်း ကော်မရှင်ရုံးဝန်ထမ်းများကိုလည်း ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး ဦးတည်ပါကြောင်း၊ Knowledge Sharing သည် စာသင်သည်ထက် အဆများစွာ ပိုမိုထိရောက်ပါကြောင်း၊ စာသင်ခြင်းသည် စာအုပ်ထဲမှစာကို သီအိုရီအရ နားလည်အောင်သင်ကြား ခြင်းဖြစ်ပြီး အတွေ့အကြုံကိုမျှဝေခြင်းသည် ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်ပါကြောင်းနှင့် တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများက သေချာစွာ လိုက်နာမှတ်သားစေလိုကြောင်း ပြောကြားပါသည်။

      ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်က ဦးစီးတာဝန်နှင့် ရုံးအုပ်ချုပ်မှု အနုပညာ (Staff Duty and The Fine Art of Office Management ) ခေါင်းစဉ်ဖြင့် Strategic Management ၊ ဦးစီးတာဝန်၊ ပြီးပြည့်စုံသောဦးစီးလုပ်ငန်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ရှိခြင်း၊ ဆွေးနွေးပွဲနှင့် အစည်းအဝေးများပြုလုပ်ခြင်း၊ အစည်းအဝေးနီတိ၊  အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ခြင်း၊ သင်တန်းတက်ရောက်ခြင်းနှင့် သင်တန်း၏အရေးပါပုံ၊ အခမ်းအနားမှူး ၏ တာဝန်ဝတ္တရားများ၊ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးနှင့် သတင်းလုံခြုံရေး၊ Checking and Managing ဆုံးဖြတ်ခြင်းနှင့် အုပ်ချုပ်မှု၏ အင်္ဂါရပ်များ၊ အသိနှင့်အလုပ်၊ ခေါင်းဆောင်မှုနှင့် ခေါင်းဆောင်မှုအရည်အချင်းများ၊ လုပ်ငန်းအောင်မြင်ရေးသော့ချက်၊ ပြည်သူ့ဝန်ထမ်းနှင့် သက်ဆိုင် သော အထူးအလေးထားရမည့် ပြဋ္ဌာန်းချက်များ၊ အဂတိတရား(၄)ပါး၊ ဆောင်ရန်၊ ရှောင်ရန်များ၊ အဖွဲ့အစည်းဆိုင်ရာ ကျင့်ဝတ်နှင့် ဝန်ထမ်းတစ်ဦးချင်းဆိုင်ရာကျင့်ဝတ် စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပါသည်။ထို့နောက် တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။

     ဆွေးနွေးပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အရာထမ်း/ အမှုထမ်းများ၊ ကော်မရှင်ရုံးခွဲများမှ အရာထမ်း/အမှုထမ်းများ စုစုပေါင်း (၈၃)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးဟောပြောပွဲအား (၁၂း၂၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News