မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး‌ကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Knowledge Sharing Program အရ “ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအကြောင်းသိကောင်းစရာ ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေး ဟောပြောပွဲကို ၂၂-၂-၂၀၂၄ ရက်နေ့၊ နေ့လည် ၁၄း၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အသိပညာပေးရေးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် အသိပညာမျှဝေခြင်းအစီအစဉ် Knowledge Sharing ပြုလုပ်ခြင်းသည် အဖွဲ့အစည်း၊ ဌာန၊ လုပ်ငန်းအသီးသီး၏ အောင်မြင်မှု တိုးတက်ဖြစ်ပေါ်မှုများအတွက် အဓိကကျသော မောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် ၂၀၂၃ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဌာနလုပ်ငန်းအသီးသီး၏ လုပ်ငန်းစွမ်းဆောင် မှုများပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပိုမိုဆန်းသစ်ဆောင်ရွက်နိုင်ရန်၊ ပိုမိုချောမွေ့အောင်မြင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  မိမိကိုယ်တိုင် ဖတ်မှတ်လေ့လာသည်ထက် Knowledge Sharing တွင် ပါဝင်တက်ရောက်ခြင်းသည် အချိန်တိုအတွင်း သိမှတ်ဖွယ်ရာများ၊ ဆောင်ရန်/ ရှောင်ရန်များ၊ တန်းဖိုးရှိသည့် အတွေ့အကြုံများ၊ သင်ခန်းစာများကို အသင့်သိရှိသွားနိုင်မည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများအတွက် များစွာအကျိုးရှိ စေမည်ဖြစ်၍သေချာစွာ လိုက်နာမှတ်သားစေလိုကြောင်း ပြောကြားပါသည်။

၃။      ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးက “လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်း၊ တိုင်တန်းချက်များ လက်ခံဆောင်ရွက်ခြင်း၊ အကြံပြုတိုက်တွန်းချက်များ ပေးပို့ခြင်း၊  ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခြင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း များပြုလုပ်ရာတွင် လိုက်နာရမည့်အချက်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။

၄။      ဆွေးနွေးပွဲကို Hybrid System ဖြင့် ကျင်းပခြင်းဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း/အမှုထမ်းများ စုစုပေါင်း (၇၄)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးဟောပြောပွဲအား (၁၆း၁၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News