မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးကော်မတီ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံတက်ရောက်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင် ဦးညွန့်ဆွေတို့ သည် ဆွစ်ဇာလန်နိုင်ငံ၊
ဂျီနီဗာမြို့၌ ၂၀၁၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိကျင်းပသော
အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေး ကော်မတီ (International
Coordinating Committee of National Institutions for the Promotion and
Protection of Human Rights – ICC) ၏ (၂၉) ကြိမ်မြောက်နှစ်ပတ် လည်အထွေထွေညီလာခံသို့
တက်ရောက်ခဲ့သည်။
နိုင်ငံတကာညှိနှိုင်းရေးကော်မတီကို
ကုလသမဂ္ဂက ကမကထပြု၍ နိုင်ငံအသီးသီးရှိ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖြင့်
ဖွဲ့စည်းတည်ထောင်ထားပြီး လက်ရှိအချိန်တွင် နိုင်ငံအသီးသီး၌ ဖွဲ့စည်း
တည်ထောင်ထားသည့် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၁၁၁ ဖွဲ့ရှိသည့်အနက်
နိုင်ငံတကာ ညှိနှိုင်းရေးကော်မတီက “အေ” အဆင့် အဖွဲ့အစည်းပေါင်း (၇၂) ဖွဲ့၊ “ဘီ”
အဆင့် အဖွဲ့အစည်းပေါင်း (၂၉) ဖွဲ့နှင့် “စီ” အဆင့် အဖွဲ့အစည်းပေါင်း (၁၀) ဖွဲ့
သတ်မှတ်၍ အသိအမှတ်ပြုထားသည်။ အမျိုးသား လူ့အခွင့် အရေးအဖွဲ့အစည်းများ
ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ ပါရီအခြေခံမူများနှင့် ကိုက်ညီမှု “စံ”သတ်မှတ်ရာတွင် အပြည့်အဝကိုက်ညီမှုရှိပါက “အေ”အဖြစ်လည်းကောင်း၊ ကိုက်ညီမှုရှိသော်လည်း
အပြည့်အဝ ကိုက်ညီစေရေး ဆက်လက်ဆောင်ရွက် ရန်ရှိပါက “ဘီ” အဖြစ်လည်းကောင်း၊
ကိုက်ညီမှုမရှိပါက “စီ” အဖြစ်လည်း ကောင်း သတ်မှတ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို
နိုင်ငံတကာညှိနှိုင်းရေးကော်မတီက “ဘီ”အဆင့် သတ်မှတ်၍ အသိအမှတ်ပြုပါသည်။
အဆင့်သတ်မှတ်ရေး ဆပ်ကော်မတီ၏ အစီရင်ခံစာတွင်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ဥပဒေအရ ဖွဲ့စည်းတည်ထောင်ခြင်းကိုကြိုဆိုပါကြောင်း၊
ကော်မရှင်အနေဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိသော်ငြားလည်း လူ့အခွင့်အရေးမြှင့်တင်ရေးကို စဉ်ဆက်မပြတ်
ကြိုးပမ်းဆောင်ရွက်နေမှုများအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ချီးကျူးပါကြောင်း၊ အထူးသဖြင့် လူ့အခွင့်အရေးကို လက်တွေ့ကျင့်သုံးရန်အတွက်
အဓိက ကျသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပညာပေးရန်
ညှိနှိုင်းစီစဉ်ဆောင်ရွက်မှုအတွက် ချီးကျူးပါကြောင်း စသည်ဖြင့် ဖေါ်ပြပါရှိသည်။
(၂၉)ကြိမ်မြောက်
နှစ်ပတ်လည်အထွေထွေညီလာခံတွင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ
နိုင်ငံတကာညှိနှိုင်းရေးကော်မတီ (ICC) ကို အနှစ်သာရ
ပိုမိုပြည့်စုံ စေရန်အတွက် “အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ
ကမ္ဘာ့အဖွဲ့ကြီး” (Global Alliance of National Human Rights Institutions
– GANHRI) အဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ကိုယ်စားလှယ်အဖွဲ့သည် ဂျီနီဗာမြို့၌ ရှိစဉ်
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးနှင့်အာရှ-ပစိဖိတ်အမျိုးသား လူ့အခွင့်
အရေးအဖွဲ့အစည်းများ ဖိုရမ်တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍လည်းကောင်း၊ ညှင်းပမ်းနှိပ်စက်မှု တားဆီးကာကွယ်ရေးအဖွဲ့က ကျင်းပသည့်
ညှင်းပမ်းနှိပ်စက်မှုဆန့်ကျင်ရေး လမ်းညွှန် ဥပဒေစာအုပ် ထုတ်ဝေဖြန့်ချိပွဲသို့
တက်ရောက်၍ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍လည်းကောင်း
ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
