မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် စတင်တည်ထောင်သည့် ၁၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်စတင်တည်ထောင်ခြင်း ၁၄ နှစ်မြောက်
နှစ်ပတ်လည်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ ကော်မရှင်ရုံး Conference
Room တွင် ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က
အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မရှင်ကို ၂၀၁၁ ခုနှစ်၊
စက်တင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၅-၉-၂၀၁၁
ရက်စွဲပါရုံးအမိန့်အမှတ် ၃၄/၂၀၁၁ ဖြင့်စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယနေ့ ၅-၉-၂၀၂၅
ရက်နေ့တွင် ၁၄ နှစ်မြောက် ဆင်စွယ်ရတုသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊
ကော်မရှင်စတင်ဖွဲ့စည်း တည်ထောင်သည့်နေ့မှစ၍ ကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် လူ့အခွင့်အရေးကို မြှင့်တင်ရေးနှင့်
ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့ပါကြောင်း၊
ကော်မရှင်ဖွဲ့စည်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင်ဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ရေးအပါအဝင် ကော်မရှင်၏
တာဝန်များကို ကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်း၊
ကော်မရှင်သက်တမ်း ၁၄နှစ်တာကာလအတွင်း အားထုတ်
ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူအားလုံးကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ ကော်မရှင်၏
ရည်ရွယ်ချက်သည် လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်
ဖြစ်ထွန်းပေါ်ပေါက် လာစေရေးဖြစ်ရာ တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်၍မရဘဲ
အဖွဲ့အစည်းဖြင့် စုပေါင်းလုပ်ကိုင်မှသာ အောင်မြင်အောင်
ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်သည် ချမှတ်ထားသည့်
ရှေ့လုပ်ငန်းစဉ်မူဘောင်နှင့် နှစ်စဉ်လုပ်ငန်းစီမံချက်တို့ဖြင့် လုပ်ငန်းများ
ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။
ထို့နောက် အခမ်းအနားအစီအစဉ်အရ
ကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးဝင်းမြ၊ ကော်မရှင်အဖွဲ့ဝင်(ငြိမ်း)များဖြစ်ကြသည့်
ဦးညွန့်တင်နှင့် ဒေါက်တာဒေါ်တင်မေထွန်းတို့က ဂုဏ်ယူဝမ်းမြောက်စကားပြောကြားကြပါသည်။
အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ဥက္ကဋ္ဌ
(ငြိမ်း)၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ(ငြိမ်း)၊ ကော်မရှင်အဖွဲ့ဝင်(ငြိမ်း)များ၊
ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်
အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
