မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် စတင်တည်ထောင်သည့် ၁၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပခြင်း

  • News

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်စတင်တည်ထောင်ခြင်း ၁၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ ကော်မရှင်ရုံး Conference Room တွင် ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မရှင်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၅-၉-၂၀၁၁ ရက်စွဲပါရုံးအမိန့်အမှတ် ၃၄/၂၀၁၁ ဖြင့်စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယနေ့ ၅-၉-၂၀၂၆ ရက်နေ့ တွင် ၁၅ နှစ်မြောက် သလင်းရတုသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ ကော်မရှင်စတင်ဖွဲ့စည်း တည်ထောင်သည့်နေ့မှစ၍ ကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်များ ဖြစ်သည့် လူ့အခွင့်အရေးကို မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့ပါကြောင်း၊ ကော်မရှင်ဖွဲ့စည်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအပါအဝင် ကော်မရှင်၏ တာဝန်များကို ကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်း၊  ကော်မရှင်သက်တမ်း ၁၅ နှစ်တာကာလအတွင်း အားထုတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူအားလုံးကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ ကော်မရှင်၏ ရည်ရွယ် ချက်သည် လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက် လာစေရေးဖြစ်ရာ တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်၍မရဘဲ အဖွဲ့အစည်းဖြင့် စုပေါင်း လုပ်ကိုင်မှသာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်သည် ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်မူဘောင်နှင့် နှစ်စဉ်လုပ်ငန်းစီမံချက်တို့ဖြင့် လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာ-တရုတ် ပူးတွဲကြေညာချက်တစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အဆိုပါပူးတွဲကြေညာချက်မှာ  “နှစ်ဖက်လုံးသည် န်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုတို့အပေါ် အခြေခံ၍ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြရန် လိုလာကြပြီး လူ့အခွင့်အရေး ကိစ္စရပ်များကို နိုင်ငံရေး အမြတ်ထုတ်ခြင်း၊ လက်နက်သဖွယ် အသုံးချခြင်းနှင့် စံနှုန်းနှစ်မျိုး ကျင့်သုံးခြင်းတို့ကို ပြတ်သားစွာ ဆန့်ကျင်ကြမည့် အပြင် လူ့အခွင့်အရေးကို အကြောင်းပြ၍ အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်ခြင်းအား ပြတ်သားစွာဆန့်ကျင်ကြရန် ” ဟု ပါရှိခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေနဲ့လည်း ပကတိ အခြေအနေ အပေါ် ထင်ဟပ်လျက် ဥပဒေနဲ့အညီ သတိပြု လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။

    အခမ်းအနားအစီအစဉ်အရ ၁၅ နှစ်တာကာအတွင်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းများကို Video Clip ဖြင့် ပြသပါသည်။ ထို့နောက် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRPD) နှင့်       မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ(၂၀၁၅) ခုနှစ်ပါ ပြဋ္ဌာန်းချက် များနှင့်စပ်လျဉ်းသည့် Audio Book မိတ်ဆက်ခြင်းပြုလုပ်ခဲ့ပါသည်။

      အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း)၊ ကော်မရှင်အဖွဲ့ဝင် (ငြိမ်း)များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News