မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းနှင့် သန်လျင်လူငယ်သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။         မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမြင့်သူမြိုင်နှင့် ဦးတင်အောင် တို့ပါဝင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သည် ၂၅-၁-၂၀၂၂ ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနနှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း တို့ကိုလည်းကောင်း၊ ၂၈-၁-၂၀၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်လူငယ်သင်တန်းကျောင်းကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်ထားသော ရှေးဦးအရွယ်ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရကျွေးမွေးမှု၊ အခြေခံပညာ နှင့် မူကြိုပညာရေးအတွက် ဆောင်ရွက်ပေးနေမှုကဲ့သို့သော ပြုစုစောင့်ရှောက်ပျိုးထောင်ပေးနေမှု အခြေအနေများ၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများအား လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေ၊ သန်လျင်လူငယ် သင်တန်းကျောင်းတွင် စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ အိပ်ဆောင်များ၊ အစားအစာ ကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေ ရရှိခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံ လူ့အခွင့်အရေးများရရှိခြင်းရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  ကလေးသူငယ်များ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ စာကြည့်တိုက်များနှင့် စာဖတ်ခန်းများတွင်ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံ အုပ်ရေ (၁၀၀) နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန် စာသားများပါရှိသော မှတ်စုစာအုပ် (၄၀၀) အုပ်တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်များက လက်ခံရယူခဲ့ပါသည်။

၃။      ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ကလေးပြုစုရေးဌာန၊ မျက်မမြင်ကျောင်း၊ လူငယ် သင်တန်းကျောင်းများ၏ ကြည့်ရှုစစ်ဆေးရေးခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ် ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News