မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် လူ့အခွင့်အရေး အသိပညာပေး သင်တန်းဖွင့်လှစ်

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း အသိပညာပေး သင်တန်းအမှတ်စဥ် (၁/၂၀၂၃) ဖွင့်လှစ်ခြင်း အခမ်းအနားကို ၁၀--၂၀၂၃ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး Conference Room ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းတက်ရောက်ကြမည့် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားရာ၌ “ကော်မရှင်အနေဖြင့် ယခုနှစ် ၂၀၂၃ ခုနှစ်သည် (၇၅) နှစ် ပြည့်မြောက်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (75th Universal Declaration of Human Rights )  စိန်ရတုအခါသမယဖြစ်သည့်အတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ယင်းကြေညာစာတမ်းပါ အခွင့်အရေးများ၊ လူ့အခွင့်အရေး အသိပညာပေးလုပ်ငန်းများကို သာမန်ထက်ပိုပြီး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုပြီး ယခုနောက်ပိုင်းမှာ လူ့အခွင့်အရေး အကြောင်းအရာ၊ အမျိုးအစား၊ ကဏ္ဍနယ်ပယ်အလိုက် “အပြည်ပြည်ဆိုင်ရာ ညီလာခံ သဘောတူစာချုပ်” (International Conventions) များ အသီးသီး ထပ်ဆင့်ချုပ်ဆိုလာကြတာကို တွေ့ရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် နည်းပညာထွန်းကားလာသည့် ခေတ်တွင် ခေတ်ကာလနှင့်အညီ တိုးတက်ဖော်ဆောင်လာသည့် “အခွင့်အရေး” အမျိုးအစားများလည်း ပိုမိုစုံလင်လာပြီး ပိုမိုကျယ်လောင်စွာ ပေါ်ထွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ကော်မရှင် ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ လူ့အခွင့်အရေး အတွေးအခေါ်၊ အယူအဆများ၊ အကြောင်းခြင်းရာများ၊ စိန်ခေါ်မှုများကို အမြဲစောင့်ကြည့်လေ့လာပြီး အမီလိုက်နိုင်ကြဖို့ လိုအပ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

    အဆိုပါသင်တန်းအား ကော်မရှင်ရုံးခွဲများမှ ဝန်ထမ်းများအပါအဝင် သင်တန်းသားဦးရေ (၃၅) ဦး ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်တန်းပို့ချမှုအား Online, Face to Face စနစ် (၂) မျိုးဖြင့် Hybrid Format ကို အသုံးပြုပြီး လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များ သင်ကြားသွားမည်ဖြစ်ကြောင်း၊ အလားတူ လူ့အခွင့်အရေး အသိပညာပေးသင်တန်းများ ထပ်မံ ဖွင့်လှစ်ဆောင်ရွက်ရန်ရှိကြောင်းသိရသည်။

                                                                   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News