မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာအား ကြည့်ရှုစစ်ဆေးခြင်း (စက်တင်ဘာလ ၂၅ ရက်)
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးအုန်းခိုင်နှင့်
ဒေါ်စန္ဒာတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၅-၉-၂၀၂၆
ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန
ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ခိုင်နှင်းဝေရင်သွေးလေး များဂေဟာအား
သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ခိုင်နှင်းဝေရင်သွေးလေးများဂေဟာအား
ကြည့်ရှုစစ်ဆေးစဉ် ဂေဟာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ကလေးသူငယ်များ၏
ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ ပုံမှန်ကျန်းမာရေး စစ်ဆေးပေးမှုနှင့်
လိုအပ်သည့်ကာကွယ်ဆေးများကို ထိုးနှံပေးမှုအခြေအနေ၊ ကျောင်းပညာရေး
ဆောင်ရွက်ပေးမှုအခြေအနေ၊ ကလေးသူငယ် တစ်ဦးချင်းအလိုက် ကိုယ်ရေးရာဇဝင် မှတ်တမ်းထား ရှိမှုအခြေအနေ၊
မွေးစာရင်းရရှိရေးဆောင်ရွက်ပေးမှု၊ ကလေးငယ်များ၏ တစ်နေ့တာလိုအပ်ချက်ဖြစ်သည့်
လုံလောက်သော အစားအစာကျွေးမွေးမှုနှင့် ဖြည့်စွက်အာဟာရကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော
သောက်သုံးရေ ရရှိမှုအခြေအနေများ၊ လုံလောက်သော အိပ်စက်အနားယူမှုနှင့်
ကိုယ်လက်လှုပ်ရှားအားကစား ဆော့ကစားခွင့်ရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေ၊ ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊
ပြုစုပျိုးထောင်ပေးမှု အခြေအနေ၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်စသည့် ကလေးသူငယ်အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက်
ကော်မရှင်သည် ဂေဟာမှ တာဝန်ရှိသူများ လေ့လာဖတ်ရှုနိုင်ရန်အတွက်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်