မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သန်လျင်လူငယ်သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊
ဦးအုန်းခိုင်နှင့် ဒေါ်စန္ဒာတို့ ဦးဆောင်သော
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၆-၆-၂၀၂၆ ရက်နေ့တွင် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ
သန်လျင်လူငယ်သင်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
သန်လျင်လူငယ်သင်တန်းကျောင်းအား
ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်း၌ လက်ခံစောင့်ရှောက်သင်ကြားပေးလျက်ရှိသော
လူငယ်များ၏ တရားရင်ဆိုင်ဆဲ အမှုများ ကြန့်ကြာမှု ရှိ မရှိ အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု
အခြေအနေ၊ အစားအစာ ကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိအောင်
ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အိပ်ဆောင်များထားရှိမှု အခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှုအခြေအနေ၊ လူငယ်များအား စာရိတ္တပြုပြင်၍ စိတ်ပိုင်းဆိုင်ရာ၊
ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပြုစုပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်အောင်
ပြုစုပျိုးထောင်ပေးမှုအခြေအနေများနှင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်၊
မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ
ကိုးကွယ်ယုံကြည်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှု
အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်