မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တနင်္သာရီတိုင်းဒေသကြီး၌ လူ့အခွင့်အရေး ဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

  • News

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၅ ခုနှစ်အတွင်း ဆောင်ရွက်ရန်ရှိသည့် လူ့အခွင့်အရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၏ တစ်စိတ်တစ်ဒေသအဖြစ် “လူ့အခွင့်အရေး ဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ”ကို ၂၀၁၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင်အောင်နှင့် ဒေါက်တာ ဉာဏ်ဇော်တို့ တက်ရောက် ရှင်းလင်း ဆွေးနွေးခဲ့သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် လူ့အခွင့်အရေးဆိုင်ရာအနှစ်သာရများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် တိုင်တန်းချက်လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ကော်မရှင် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများမှပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း(၂၉၇) ဦး တက်ရောက်ခဲ့သည်။

အလားတူ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀-၅-၂၀၁၅ နေ့ မွန်းလွဲ ၁နာရီကလည်း မြိတ်မြို့ ပုလဲရတနာခန်းမ၌ပြုလုပ်ခဲ့ရာ မြိတ်မြို့နယ်မှ မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း(၂၀၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Recent News