မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်းများတွင် လူ့အခွင့်အရေးဆိုင်ရာသင်ခန်းစာများပို့ချခြင်း

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးဆိုင်ရာသဘော တရားများကို ပြည်သူလူထုနှင့် အစိုးရတာဝန်ရှိသူအဖွဲ့အစည်းအတွင်း  နားလည်လက်ခံ ကျင့်သုံးနိုင်စေရေးအတွက် လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းများတွင် ဖွင့်လှစ်လျှက်ရှိသော သင်တန်းများ၌လည်း တပ်မတော်အရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။

ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်သည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျှက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်း၊ သင်တန်းသားအရာရှိ များအား ၂၉-၃-၂၀၁၈ ရက်နေ့၊ နေ့လယ်ပိုင်းတွင် သံတောင်မြို့နယ်၊ ကျောက်တိုင်ကျေးရွာ၊ ခရစ်တော်ကိုမြှော်လင့်သော သတ္တမနေ့ အသင်းတော် ဆုတောင်းခန်းမ၌လည်းကောင်း၊ ခြေလျင် တပ်ရင်းမှူးသင်တန်း၊ သင်တန်းသား အရာရှိများအား ၃၀-၃-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ခြေလျင်တပ်ရင်းမှူး သင်တန်းခန်းမ၌လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို ပို့ချဆွေးနွေးခဲ့ပါသည်။

ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျှက်ရှိသောခြေလျင်တပ်ခွဲမှူးသင်တန်း၊ သင်တန်းသားအရာရှိများအား ၂၉-၃-၂၀၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်းကောင်း၊ ခြေလျင်တပ်ရင်းမှူးသင်တန်း၊ သင်တန်းသား အရာရှိများအား ၃၀-၃-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း သက်ဆိုင်ရာသင်တန်း ခန်းမများတွင် လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်များကို ပို့ချခဲ့ပါသည်။

သင်တန်းသားအရာရှိများသည် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြပြီး သင်တန်းသားအရာရှိများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့မှအသီးသီး ဖြေကြားခဲ့ပါသည်။