မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေး ပညာပေးသူများ ကွန်ရက်တို့မှ ပူးပေါင်းကျင်းပသည့် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

  • News

       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေးအသိပညာပေးသူများကွန်ရက်တို့မှ အဖွဲ့ဝင်များသည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကိုမှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ရာတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ဖက္ကလိပ်ကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာအုပ်စု၊ အနိုင်းပွန်ကျေးရွာအုပ်စုနှင့် သဲဖြူချောင်းကျေးရွာအုပ်စုများသို့ သွားရောက်၍ လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးပွဲများကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ ကိုးနဝင်းစေတီ ပဋ္ဌာန်းဓမ္မာရုံတွင် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဖက္ကလိပ်ကျေးရွာအုပ်စုအတွင်းမှ  ရွာသူရွာသားများ စုစုပေါင်း(၁၃၆) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

အလားတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ ဗန့်ဂျီကျောင်းတိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျိုက်ပိကျေးရွာအုပ်စုအတွင်းမှ ရွာသူရွာသားများ စုစုပေါင်း(၁၀၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။ ယင်းနောက် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာအုပ်စု၊ သစ်တိုကျွန်းကျေးရွာ၊ သစ်တိုကျွန်း ပရိယတ္တိစာသင်တိုက်တွင် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ သစ်တိုကျွန်းကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၆၆) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

        ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်၊ သဲဖြူကျွန်းကျေးရွာအုပ်စု၊ သပြေနီကျေးရွာ သီရိမင်္ဂလာသပြေနီကျောင်းတိုက်၌ လူ့အခွင့်အရေး ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ သပြေနီကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၇၂) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ  ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆနှင့် အခြေခံအချက်များကိုလည်းကောင်း၊ လူ့အခွင့် အရေး အသိပညာပေးသူများ ကွန်ရက်အဖွဲ့ဝင် ဦးစွမ်းဆောင်မှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း သမိုင်းကြောင်းကိုလည်းကောင်း၊ လူ့အခွင့်အရေး အသိပညာပေးသူများ ကွန်ရက်အဖွဲ့ဝင် ဦးနောင်နောင်နှင့် ဒေါ်အိအိခိုင်တို့မှလည်း ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ်ပေါင်း (၃၀) အနက်မှ ရွာသူရွာသားများမှ ရွေးချယ်ပေးသော အပိုဒ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာစာချုပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ​ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ရွာသူရွာသားများက ယခုကဲ့သို့  ဆွေးနွေးပွဲများ ပြုလုပ်ပေးသောကြောင့် အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း၊ လူ့အခွင့်အရေး နှင့် ပတ်သက်၍ ယခင်ကထက် ပိုမိုသိရှိလာကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ပေးသင့်ပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ ကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ပြည်သူများအတွင်း လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိနားလည်စေရန်နှင့် လေးစားလိုက်နာကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇော်လွင်ထူးမှ ပြောကြားခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈၊ ၁၉ နှင့် ၂၀ ရက်နေ့များတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ဖက္ကလိပ်ကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာအုပ်စု၊ အနိုင်းပွန် ကျေးရွာအုပ်စုနှင့် သဲဖြူချောင်းကျေးရွာအုပ်စုများတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများ အောင်မြင်စွာပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

Recent News