မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း

  • News

၁။      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာစည်ကျေးရွာအုပ်စု၊ ရွာစည်ကျေးရွာ၊ မြင်းခြံ- ညောင်ဦး ကားလမ်းဘေးရှိ သုဿန် အဖြစ် အသုံးပြုထားသော မြေဧရိယာ (၁.၄၈) ဧကနှင့် စပ်လျဉ်း၍ လယ်ယာမြေ အငြင်းပွားခဲ့မှုအပေါ် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက် တာဝန်ခံမိတ္တူမှန်ကို တင်ပြတောင်းခံခဲ့သော်လည်း မရရှိသဖြင့် တိုင်တန်းသူတို့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားနိုင်မည့် ဥပဒေပါအခွင့်အရေး ဆုံးရှုံးနေရကြောင်း ဟုဆိုကာ ကော်မရှင်သို့ တိုင်တန်းချက် ပေးပို့လာခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၀-၈-၂၀၂၀ ရက်နေ့မှ ၁၂-၈-၂၀၂၀ ရက်နေ့ထိ မြင်းခြံမြို့သို့ သွား‌ရောက်၍ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။

၂။       ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၀-၈-၂၀၂၀ ရက်နေ့ညနေပိုင်းတွင် တိုင်တန်းသူ (ပါ) ၄ ဦး တို့အား လည်းကောင်း၊ ၁၁-၈-၂၀၂၀ ရက်နေ့နှင့် ၁၂-၈-၂၀၂၀ ရက်နေ့များတွင် သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား လည်းကောင်း မေးမြန်း မှတ်တမ်းတင်ခဲ့ခြင်းနှင့် အချင်းဖြစ်မြေနေရာသို့ ကွင်းဆင်းကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်များကို အခြေခံ၍ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ကော်မရှင်သို့ တင်ပြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ပါသည်။

                                                                                                                                               မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Recent News