မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင်များမှ မန္တလေးဗဟို အကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်၊ ကုန်ထုတ်စခန်းများနှင့် ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃/၂၀၂၀)ဖြင့် အသစ်ထပ်မံဖွဲ့စည်းပေးခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင်၊ ဦးကျော်မြင့်၊ ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၈-၁-၂၀၂၀ ရက်နေ့မှ ၃၁-၁-၂၀၂၀ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနလက်အောက်ရှိ မန္တလေးဗဟို အကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်၊ ကုန်ထုတ်စခန်းများဖြစ်သော ၂၄ မိုင်၊ ထုံးဘို (မ)၊ ထုံးဘို (ကျား ၁၊ ၂)နှင့် ဘုရားငါးဆူတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ခရီးစဉ်အတွင်း မိတ္ထီလာမြို့ရှိ ခရိုင်၊ မြို့နယ် တရားရုံးအချုပ်ခန်း၊ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီး အချုပ်ခန်း၊ မြို့မရဲစခန်း အချုပ်ခန်းနှင့် နယ်မြေ ရဲစခန်း အချုပ်ခန်းတို့ကိုလည်း အသီးသီး ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

၂။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့ဝင်များသည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အကျဉ်းစခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်းတွေ့ဆုံလိုသော အကျဉ်းသား၊ အကျဉ်းသူများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးဖောက်ဖျက်မှု ခံရခြင်းရှိမရှိ၊ အကျဉ်းထောင်အတွင်း အခြေခံလူ့အခွင့်အရေးများ ရရှိမှု ရှိမရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြပါသည်။

၃။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြု တိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Recent News