မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ကျင်းပပြုလုပ်ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ၏ရန်ပုံငွေထောက်ပံ့မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် အလုပ်ရုံသင်တန်းကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်မြမြ၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားပါသည်။

၂။       အဆိုပါအလုပ်ရုံသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများကို ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တစ်ဆင့် ပြန့်ပွားစေရန်၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း နှင့် မြန်မာနိုင်ငံက ပါဝင်အတည်ပြုလက်မှတ်ရေးထိုးထားသော လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (၃) ခုအား ရှင်းလင်းစွာ သိရှိနားလည် သဘောပေါက်စေရန်၊ လူ့အခွင့်အရေး သမိုင်းကြောင်း အကျဉ်းချုပ်နှင့် လူ့အခွင့်အရေး အယူအဆများ၊ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းနှင့် ပါရီအခြေခံမူများကို သိရှိနားလည် စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သော (၂) ရက်တာ သင်တန်းအစီအစဉ်ဖြစ်ပြီး သင်တန်း ကာလအတွင်း လူ့အခွင့်အ​ရေးဆိုင်ရာ သိကောင်းစရာများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြနှင့် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးတို့က ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တပ်မတော်အရာရှိများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အရာရှိများ အပါအဝင် ဌာနအသီးသီးမှ အစိုးရ အရာထမ်း ၅၀ ဦးတက်ရောက်ခဲ့ကြပါသည်။

၃။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အစိုးရအရာထမ်းများအတွက် လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများကို ၂၀၁၄ ခုနှစ်အတွင်း ပြည်နယ် (၇) ခုတွင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်းတွင် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး (၇) ခု စုစုပေါင်း (၁၅) ကြိမ် အောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး ဖြစ်ပါသည်။

Recent News