မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၁၇/ကာကွယ်/ ၂၀၁၉)
၁။ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် နှင့်
ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်
ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ် ရဲအချုပ်ထောင်နှင့်
ရဲစခန်း ၊ အချုပ်ခန်းတို့အား ၁၈-၉-၂၀၁၉ ရက်နေ့နှင့် ၁၉-၉-၂၀၁၉ ရက်နေ့များတွင်
ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနသို့ အကြံပြုချက်များ
ပေးပို့ခဲ့ပါသည်။
၂။ ကျိုင်းတုံအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-
(က) ငှက်ဖျားရောဂါ
ဖြစ်ပွားမှုနှုန်းများကြောင်း သတင်းပို့တင်ပြကြသဖြင့် ခြင်အန္တရာယ်
ကင်းရှင်းရေးနှင့် ငှက်ဖျားရောဂါ အသိပညာပေးဟောပြောပွဲများ ပြုလုပ်နိုင်ရေး စီစဉ်
ဆောင်ရွက် သင့်ပါသည်။
(ခ) အကျဉ်းသား/အချုပ်သားများကို
တစ်ဦးချင်း မေးမြန်းခြင်းနှင့် ကျွေးမွေးသည့် အစား အသောက်များကို စစ်ဆေးမှုများအရ
စားသောက်ရေးအတွက် တာဝန်ခံအရာရှိမှ ကြီးကြပ်၍ ဦးဆောင်ကျွေးမွေးသည်ဟု သိရှိရသဖြင့်
ယခုအခြေအနေကို ဆက်လက်ထိန်းသိမ်းထား သင့်ပါ သည်။
(ဂ) အကျဉ်းသား အချို့တွင်
ဖောရောင်ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းပို့ တင်ပြ ကြသဖြင့် ကာကွယ်ကုသနိုင်ရေး
ဆောင်ရွက်သင့်ပါသည်။
(ဃ) လက်ရှိတွင်
အကျဉ်းထောင်စာကြည့်တိုက်၌ တာဝန်ခံအရာရှိကိုယ်တိုင် စာအုပ်စာပေများ
ဖြည့်ဆည်းထားသည်ကို တွေ့ရှိရပါသည်။ အခြားအကျဉ်းထောင် စာကြည့်တိုက် အားလုံးတွင်
လိုအပ်သည့် စာအုပ်စာပေများ ဖြည့်ဆည်းရန် ဦးစီးဌာန အစီအစဉ်ဖြင့် ဘတ်ဂျက်များ
ချထားပေး ထားသင့်ပါသည်။
(င) မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူတွေ့ဆုံမေးမြန်းသော အကျဉ်းသားများအပေါ်
အငြိုးအတေးထား၍ ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင် များသို့
ပြောင်းရွှေ့ခြင်းများအပါအဝင် လက်တုံ့ပြန်မှု မပြုစေရေးအတွက် မြန်မာနိုင်ငံ
အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ အလေးထားဂရုပြု
ဆောင်ရွက်ပေးပါရန် အကြံပြု အပ်ပါသည်။
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
