မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဌာနတွင်း လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး အသိပညာများ ပြန့်ပွားစေရေးအတွက် ရည်ရွယ်၍ နိုင်ငံ၏ ဒေသအသီးသီးရှိ အဖွဲ့အစည်းအသီးသီး၊ လူတန်းစားအသီးသီးအတွင်း လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲများ၊ အလုပ်ရုံသင်တန်းများ ဆောင်ရွက်ခဲ့သည့်နည်းတူ ကော်မရှင်ရုံးဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ပိုမိုတိုးပွားလျက် စွမ်းဆောင်ရည်မြင့်မားပြီး ကော်မရှင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဌာနတွင်း လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း အမှတ်စဉ် (၁)ကို ဖွင့်လှစ်ခဲ့သည်။

    အဆိုပါ အလုပ်ရုံသင်တန်းဖွင့်ပွဲကို ၂၉-၅-၂၀၁၇ ရက်နေ့ နံနက် ၉ နာရီက ကော်မရှင်ရုံးတွင် ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး  ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားခဲ့သည်။

    အလုပ်ရုံသင်တန်းတွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ ပါရီအခြေခံမူများ၊ လူ့အခွင့်အရေးအယူအဆများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရား၊ အဓိကလူ့အခွင့်အရေးစာချုပ် (၉) ခု၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာသ​ဘောတူစာချုပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကော်မရှင် ဥပဒေ စသည့်ဘာသာရပ်များကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပို့ချပြီး စုဖွဲ့ဆွေးနွေးခြင်းနှင့် အုပ်စုလိုက်တင်ပြချက်များလည်း ပါဝင်ဆောင်ရွက်ကြမည်ဖြစ်သည်။ အလုပ်ရုံ သင်တန်းသို့ ကော်မရှင်ရုံး အရာထမ်း အမှုထမ်း (၁၅) ဦး တက်ရောက်ကြသည်။ သင်တန်းကို ဇွန်လ    ရက်နေ့အထိ (၅) ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

Recent News