မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒေါ်ဆွမ်လွတ်ရွယ်ဂျာ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

  • News

ရည်ညွှန်းသည့်ဥပဒေ။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ

(၂၀၁၄ ခုနှစ်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၂၁)(၂၈.၃.၂၀၁၄)

၁။      ၂၈.၁၀.၂၀၁၄ ရက်စွဲပါ အဖွဲ့အစည်း ၁၂၃ ဖွဲ့၏ အမည်များကို ဖော်ပြထားပြီး၊ Kachin Peace Network မှ ပုဂ္ဂိုလ် ၂ ဦးလက်မှတ်ရေးထိုးထားသည့် ဒေါ်ဆွမ်လွတ်ရွယ်ဂျာ ပျောက် ဆုံးမှုနှင့် ပတ်သက်သော တိုင်ကြားစာကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် သည် ၃၀.၁၀.၂၀၁၄ နေ့တွင် လက်ခံရရှိခဲ့ပါသည်။

၂။      ဤကိစ္စနှင့် ပတ်သက်သော တိုင်ကြားစာကို ယခင်ကလည်းလက်ခံရရှိခဲ့သဖြင့် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ၃၁.၁၂.၂၀၁၂ နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ပေးပို့ အကြောင်းကြား ခဲ့ပြီးဖြစ်ပါသည်။

၃။      ယခုထပ်မံ၍ ဤကိစ္စအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၁၈.၁၁. ၂၀၁၄ နေ့တွင် တိုင်ကြားစာများ စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆၁/၂၀၁၄)၌ ဆွေး နွေးပြီး၊ ၂၄.၁၁.၂၀၁၄ နေ့တွင် တိုင်တန်းချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေကို ပြန်ကြားပေးပါရန် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ထပ်မံပေးပို့ခဲ့ပါသည်။

၄။      ထို့နောက် ယခင်တိုင်တန်းချက်များနှင့်ဆောင်ရွက်ချက်များအား ပြန်လည်ဖတ်ရှုသုံးသပ် ခြင်း အခင်းဖြစ်ပွားရာဒေသအားမြေပုံပေါ်တွင် ကြည့်ရှု့လေ့လာခြင်း၊ နယ်မြေဒေသအခြေအနေ များအား စုံစမ်းခြင်း၊ လက်မှတ်ရေးထိုးတိုင်ကြားသူ ၂ ဦးအား ကော်မရှင်ရုံးသို့ ဖိတ်ကြား၍ သိရှိလိုသော အချက်အလက်များအား မေးမြန်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့ ၂ ဦးအနက် ၁ ဦးသည် ၁၂.၁၂.၂၀၁၄ နေ့တွင် လာရောက်တွေ့ဆုံခဲ့သော်လည်း အခြား ၁ ဦးသည် လာရောက် ခြင်း မရှိခဲ့ပါ။

၅။      ထို့ပြင် ဤအမှုနှင့်ပတ်သက်၍ သိရှိနိုင်ဘွယ်ရှိသည်ဟု ယူဆသည့် အောက်ပါပုဂ္ဂိုလ်များ ထံမှ အဝေးရောက်သက်သေ ထွက်ဆိုချက်များရယူရန် တိုက်ရိုက်ဆက်သွယ် အကြောင်းကြား ခြင်း၊ ၎င်းတို့နှင့် သက်ဆိုင်သည့် ဌာနများသို့ အသိပေးခြင်းများ ပြုလုပ်ခဲ့ပါသည်-

(က)    အခင်းဖြစ်ပွားမှုနှင့် ပတ်သက်သော ခြေလျင်တပ်ရင်း၏ တပ်ရင်းမှူး၊

 (ခ)     မြို့နယ်တရားသူကြီး၊ မိုးမောက်မြို့၊

 (ဂ)     မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မိုးမောက်မြို့၊

 (ဃ)    ရဲစခန်းမှူး၊ လွယ်ဂျယ်ရဲစခန်း၊ မိုးမောက်မြို့နယ်။

၆။     ထိုသို့​ဆောင်ရွက်နေစဉ် ၂၂.၁၂.၂၀၁၄ နေ့၌ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြန်ကြားစာကို ရရှိခဲ့ပါသည်။ ၎င်းစာတွင် ဖော်ပြချက်များအရ ဒေါ်ဆွမ်လွတ်ရွယ်ဂျာပျောက်ဆုံးမှုနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူဦးဒေါင်လွမ်းက “ရှေ့တော်သွင်း စာချွန်တော်အမိန့်” ရလိုကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားခဲ့ရာ ပြည်ထောင်စုတရားသူကြီးချုပ်၊ တရားသူကြီး ဦမြင့်အောင်က “ ၁.၃.၂၀၁၂ နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ နှစ်ဘက်လျှောက် ထားချက်များကို အပြီးသတ်ကြားနာခဲ့ကြောင်း၊ လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့၏ ကျမ်းကျိန်တင်ပြချက်များအရ လျှောက်ထားသူ၏ဇနီးအား အမှတ်(၃၂၁) ခြေလျင်တပ်ရင်းမှ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု အထင်အရှား ကောက်ယူနိုင်ခြင်းမရှိ၍ လျှောက်ထားသူ၏ အထွေထွေ​လျှောက်လွှာကို ‘ပလပ်’ လိုက်ကြောင်း” အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်ဟု သိရှိရ ပါသည်။

၇။      ရည်ညွှန်းပါ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ၏ ပုဒ်မ ၃၇ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်-

ကော်မရှင်သည် အောက်ပါအကြောင်းတစ်ရပ်ရပ်နှင့်ငြိစွန်းသောတိုင်တန်းချက်ကို စုံစမ်း စစ်ဆေးခြင်း မပြုလုပ်ရ-

(က)   တရားရုံးတစ်ခုခု၏ ရှေ့မှောက်၌စစ်ဆေးကြားနာဆဲအမှုများနှင့် တရားရုံးတခုခု ၏စီရင်ဆုံးဖြတ်ချက် အပေါ်အယူခံမှု သို့မဟုတ် ပြင်ဆင်မှု ဝင်ရောက်ဆဲအမှုများ၊

(ခ)    တရားရုံးတစ်ခုခုက အပြီးသတ်စီရင်ဆုံးဖြတ်ပြီးသောအမှုများ။”

၈။      အများပြည်သူ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၄-၁၂-၂၀၁၄

Recent News