မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှင့် PEN MYANMAR အဖွဲ့၊ ပြည်ကြီးခင် အဖွဲ့တို့ ပူးပေါင်း၍ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

  • News

    လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်ဆိုသည်မှာ အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ရပ် ဖြစ်သကဲ့သို့ လွတ်လပ်သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုတည်တံ့ ဖွံ့ဖြိုးရန်အတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ထို့အတူ ဒီမိုကရေစီ အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်လာနိုင်မှု အားကောင်းလာစေရန်၊ သတင်းအချက်အလက်များ ရပိုင်ခွင့် မြှင့်တင်ခြင်း အားဖြင့် အကျင့်ပျက်ခြစားမှုများ လျော့ပါးစေရန်၊ အစိုးရနှင့် ပြည်သူ့အဖွဲ့အစည်းများပါ တာဝန်ယူမှု၊ တာဝန်ခံမှု အားကောင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှင့် PEN MYANMAR အဖွဲ့၊ ပြည်ကြီးခင်အဖွဲ့တို့ ပူးပေါင်း၍ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ၁၄-၈-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel, Yadanar Ballroom တွင် ကျင်းပခဲ့ပါသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဒေါက်တာမြင့်ကြည်၊ ဦးညွန့်တင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ဝန်ကြီးဌာနအသီးသီးမှ သတင်းထုတ်ပြန်ရေး တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ PEN MYANMAR အဖွဲ့နှင့် ပြည်ကြီးခင်အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ကိုယ်စားကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး က နှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့ပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့် အကြောင်းကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) သတင်းအချက်အလက်များ ရရှိပိုင်ခွင့် (Rights to Information) တို့နှင့် စပ်လျဉ်းပြီး PEN MYANMAR မှ စာရေးဆရာ ဟန်ဇော်၊ မသီတာ(စမ်းချောင်း) နှင့် ပြည်ကြီးခင် အဖွဲ့မှ ဒေါ်နွယ်ဇင်ဝင်း၊ ဦးသိန်းထိုက်ဦးတို့က ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ပြန်လှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်းပြီး PEN MYANMAR မှ ဦးမျိုးမြင့်ညိမ်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။