မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း ပြုလုပ်ခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ဆွီဒင်နိုင်ငံအ​ခြေစိုက် Raoul Wallenberg Institute ၏ ရန်ပုံငွေ ကူညီပံ့ပိုးမှုဖြင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့ တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဇေယျနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။

 အဆိုပါသင်တန်းကို ဇူလိုင်လ (၂၂) ရက်မှ (၂၃) ရက် နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီး အတွင်းမှ အစိုးရ အရာထမ်းစုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော် တို့က လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရနှင့် အခြေခံသဘောတရားများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားသော လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တိုင်တန်းချက်လုပ်ထုံးလုပ်နည်းများ နှင့်ပက်သက်ပြီး ရှင်းလင်းပို့ချခဲ့ပါသည်။