မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ အကျဉ်းထောင်၊ အလုပ်စခန်း များ၊ အချုပ်ထောင်၊ အချုပ်ခန်းများကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်  ၁၅-၇-၂၀၂၀ ရက်နေ့တွင် ရမည်းသင်း အကျဉ်းထောင်၊ ရမည်းသင်းမြို့ပေါ်ရှိ တရားရုံး၊ ဆေးရုံ၊ ရဲစခန်းအချုပ်ခန်းများကို လည်းကောင်း၊ ၁၆-၇-၂၀၂၀ ရက်နေ့တွင် ကင်းသာ(၁ ၊ ၂) ကုန်ထုတ်စခန်းများကို လည်းကောင်း၊ ၁၇-၇-၂၀၂၀ ရက်နေ့တွင် ပျဉ်းမနားမြို့မရဲစခန်း အချုပ်ခန်း၊ နေပြည်တော် အချုပ်ထောင်တို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများအတွင်းရှိ အကျဉ်းသား/အကျဉ်းသူ အိပ်ဆောင်များ၊ ရိက္ခာ ဂိုထောင်တွင် ပစ္စည်းများ ထားရှိမှု၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များနှင့် စားဖိုကြီး၊ သောက်ရေ နှင့် သုံးရေကန်များ၊ မိလ္လာများ၊ ထောင်ဝင်စာအခန်းများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါ ကာကွယ်ရေးအတွက် လုပ်ဆောင်ထားရှိမှုတို့ကို လှည့်လည်၍ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသူအကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူ များနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးဖောက်ဖျက်မှုခံရခြင်း ရှိ မရှိ၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ ကုန်ထုတ်စခန်းများတွင် အလုပ်ချိန်အတိုင်း ခိုင်းစေမှု၊ နေထိုင်စားသောက်ရေး အခြေအနေများ၊ အကျဉ်းထောင်အတွင်း အခြေခံ လူ့အခွင့်အရေးများ ရရှိမှု ရှိ မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြပါသည်။

၃။      ရဲစခန်း၊ တရားရုံး အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်သားများကို တွေ့ဆုံ၍ အခက်အခဲများ မေးမြန်းခြင်း၊ ရမည်းသင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အကျဉ်းသား၊ အကျဉ်းသူတို့ကို တွေ့ဆုံ၍ အခက်အခဲများ မေးမြန်း၍ လိုအပ်သည်များကို ဆေးရုံအုပ်ကြီး၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။