မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းနှင့် ရုံးဝန်ထမ်းများ လိုက်ပါ၍ ၈-၇-၂၀၂၀ ရက်နေ့နှင့် ၉-၇-၂၀၂၀ ရက်နေ့များတွင် အကျဉ်းဦးစီးဌာန လက်အောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား/အကျဉ်းသူ အိပ်ဆောင်များ၊ ရိက္ခာဂိုထောင်တွင် ပစ္စည်းများထားရှိမှု၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များနှင့် စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ၊ ထောင်ဝင်စာအခန်းများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါ ကာကွယ်ရေး အတွက် လုပ်ဆောင်ထားရှိမှုတို့ကို လှည့်လည်၍ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေးဖောက်ဖျက်မှု ခံရခြင်း ရှိ မရှိ၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ အကျဉ်းထောင်အတွင်း အခြေခံလူ့အခွင့်အရေးများ ရရှိမှု ရှိ မရှိတို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြပါသည်။

၃။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြု တိုက်တွန်းချက်များ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

Recent News