မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ ဦးဆောင်သော ကြည့်ရှုစစ်ဆေး ရေးအဖွဲ့ မြင်းခြံဗဟိုအကျဉ်းထောင်၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်း များအား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၃-၈-၂၀၂၀ ရက်နေ့တွင် မြင်းခြံ ဗဟိုအကျဉ်းထောင်နှင့် မြင်းခြံမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား/အကျဉ်းသူ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များနှင့် စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါကာကွယ်ရေးအတွက် လုပ်ဆောင်ထားရှိမှုတို့ကို လှည့်လည်၍ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်သား၊ အချုပ်သူ များနှင့် တွေ့ဆုံကာ လူ့အခွင့်အရေး ဖောက်ဖျက်ခံရခြင်း ရှိမရှိ၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိမရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ နေထိုင်စားသောက်ရေး အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများ၊ အကျဉ်းထောင်အတွင်း အခြေခံ လူ့အခွင့်အရေးများ ရရှိမှု ရှိမရှိစသည့် အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်း မှတ်တမ်းတင်ခဲ့ကြပါသည်။

၃။      ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်သား၊ အချုပ်သူများ ကို တွေ့ဆုံ၍ လူ့အခွင့်အရေးချိုးဖေါက်ခံရမှု ရှိမရှိနှင့် အခြား ကြုံတွေ့ရသည့် အခက်အခဲများအား မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

                                                                                                                                           မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်